28 June 2020
လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
ဆရာဉီးတင် ထွဋ်ဦးနှင့် ဦးဇေယျသူတို့၏ တိုင်းပြုပြည်ပြု ၂၀၂၀ စကားဝိုင်းကိုနားထောင်ရင်း ဖတ်ဖူးပြီး မှတ်စုထုတ်ထားတဲ့ မောင်ထင်ရဲ့ စာအုပ်ကို သတိရမိပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဆိုတာ တိုင်းပြည်လူဉီးရေရဲ့ ၆၅ရာခိုင်နှုန်းကျော် မှီခိုနေကြပြီ ကျေးလက်ဒေသလူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရာ အဓိက လုပ်ငန်းကြီးဖြစ်လို့နေပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာန ကို ဉီးဆောင်မည့်သူဟာ သာမန်လူဖြစ်လို့တော့မရပါဘူး။ စိုက်ပျိုးရေး ဘောဂဗေဒ၊ ကုန်သွယ်ရေး၊ သိပ္ပံပညာ၊ စက်မှုလက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ နှင့် လူ့စွမ်းအားအရင်းအမြစ်တွေကို သိရှိနားလည်ပြီး မပျင်းမရိ လိုက်စားနိုင်မှ ရပါမယ်။ စိုက်ပျိုးရေးကဏ္ဍကိုဉီးဆောင်မည့်သူ မဆိုထားတဲ့ တောင်သူလယ်သမားတွေ တောင် ဘာကြောင့် ဘာတွေ လေ့လာလိုက်စားတတ်မြောက်ဖို့လိုသလဲဆိုတာ မောင်ထင်ရဲ့ စာအုပ်ထဲကနေ ကောက်နှုတ်တင်ပြလိုက်ပါတယ်။
မြန်မာ့စိုက်ပျိုးရေးကဏ္ဍ တခေတ်ဆန်းသစ်ပြီး တောင်သူဉီးကြီး ဒေါ်ကြီးတွေ၊ မောင်လေး ညီမလေးတွေ အောင်မြင်ကြပါစေလို့ဆန္ဒပြုပါတယ်။ အထောက်အပံ့ကောင်း ဖြစ်အောင်လည်း ကြိုးစားနေပါတယ်လို့ ပန်ကြားလိုပါတယ်။ မောင်ထင်၏ ၁၉၆၅ မတ်လ ၂ ရက်နေ့ထုတ် ဟံသာဝတီ သတင်းစာ၌ ရေးသားခဲ့သော ဆောင်းပါး မှ ကောက်နှုတ်ချက်ကို ဖတ်ရှုတော်မူပါ။ (စကားချပ်..ယနေ့ထိ ခေတ်မီနေဆဲဖြစ်ကြောင်းတွေ့ရပါလိမ့်မယ်)
“ယနေ့လယ်ယာစိုက်ပျိုးရေးစနစ်မှာ သိပ္ပံပညာနှင့်ယှဉ်သောစနစ်ဖြစ်သည်။ ထို့ကြောင့် တောင်သူလယ် သမားတို့ပညာတတ်ဖို့အရေးသည် အလွန်အရေးကြီးပေသည်။ စက်မှုလယ်ယာဟုဆိုလျှင်ပင် စက်အကြောင်းနား လည်ရတော့ပေမည်။ ငါးမြှောင်တောင်ပိုးတိုက်ဖျက်ရေးဟုဆိုလျှင်ပင် ရုက္ခဗေဒ၊ ဇီဝဗေဒစသည်တို့နှင့်တကွ ပိုး အကြောင်း၊ မွှားအကြောင်း၊ ကပ်ပါးအကြောင်းနားလည်ရတော့ပေမည်။ ဆန်စပါးဝယ်ရေးစီမံကိန်းစသည်တို့ဆို သည်နှင့်တစ်ပြိုင်နက် ဘောဂဗေဒသဘောတရားများကို ခေါက်မိကြရပေတော့မည်။
ထို့ပြင် ယနေ့လယ်ယာစနစ်ထဲတွင် မွေးမြူရေးစနစ်ရောက်ရှိနေပြီ။ ယခင်က စိုက်ပျိုးရေး ချည်းသပ်သပ်ကို လုပ်ကိုင်နေရာမှ ယခုအခါစိုက်ပျိုးမွေးမြူရေးကိုပါ ဖက်တွဲလုပ်ကိုင်လာခြင်းမှာ တော်လှန်ရေး၏လက္ခဏာတစ် ရပ်ပင်ဖြစ်သည်။ ဤကဲ့သို့သော်အခါ တိရစ္ဆာန်မွေးမြူရေး သိပ္ပံပညာရပ်တို့ကို ကျွန်ုပ်တို့တောင်သူလယ်သမားများ တက်ကျွမ်းကြရတော့မည်။ ထို့ကြောင့် ယနေ့တောင်သူလယ်သမားတို့သည် ပညာရှင်လယ်သမားဘဝသို့ ရှေးရှု နေကြပြီဖြစ်သည်။ ဤသည်ကား အဝိဇ္ဇာကိုတော်လှန်သည့် သဘောပင်ဖြစ်ချေသည်။ တောင်သူလယ်သမားတို့ သည် တက္ကသိုလ်မှာ ဝိဇ္ဇာသိပ္ပံဘွဲ့များကို မယူပဲနေသည့်တိုင်အောင် မိမိတို့စိုက်ပျိုးရာ လယ်ကွင်း၊ ခြံမြေ၊ ဥယျာဉ် စသည်တို့မှ ဝိဇ္ဇာသိပ္ပံဘွဲ့များ ပေးအပ်နေသည်ကို ခံယူကြရပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ယနေ့တော်လှန်ရေး ကြီးတစ်ရပ် ဖြစ်ထွန်းနေပုံကို ဉာဏ်မျက်စိဖြင့်ယှဉ်၍ ကြည့်ပြီးလျှင် ထိုတော်လှန်ရေးနှင့်အတူ ကြီးပွားတိုးတက် အောင် ဆောင်ကြဉ်းနိုင်ကြပါစေရန် မေတ္တာရှေ့ထား၍ တိုက်တွန်းအပ်ပါသတည်း။” မောင်ထင်
မောင်လေး ညီမလေးတွေရောလို့ရေးရတာ.... လွန်ခဲ့တဲ့ ငါးနှစ်က စလို့ စိုက်ပျိုးရေး လုပ်ငန်းကို တခေတ်ဆန်းသစ်စေပြီး Digital Agriculture နဲ့ စိုက်ပျိုးရေးကို စနစ်တကျ ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းနေတဲ့ လူငယ်တွေ အများကြီးကို တွေ့ရလို့ပါ။ ဆရာဉီးတင်ထွဋ်ဦးပြောသလို ကွန်ပျူတာ၊ တယ်လီဖုန်းနဲ့ တိုးချဲ့စိုက်ပျိုးရေးပညာပေးကို နှစ်ဆတိုးပြီးလုပ်ရတော့မှာပါ။ အခက်အခဲလေးတွေ ရှိသော်ငြားလည်း အလားအလာတွေ အလွန်ကောင်းမွန်ပြီး ဆောင်ရွက်နေသူတွေ ရှိနေပါတယ်။ ပိုမို အရှိန်မြှင့်နိုင်အောင် လိုအပ်တာများ ကူညီဖြည့်ဆည်းပေးမယ်ဆိုရင် စိုက်ပျိုးရေးကို အခြေခံကို စက်မှုလက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပြီး ဆင်းရဲမှုတွင်းထဲက ကိုယ့်ဖာသာ ထွက်နိုင်ကြမှာ ဧကန်မလွဲပါ။
ကျေးဇူးတင်ပါတယ်။
ငုဝါဝင်း
13 June 2020
ခြေ, စစ်ပွဲများ နဲ့ တွေးမိတွေးရာ - ၁
စာရေးမယ်ဆိုပြီး မရေးဖြစ်ဘူး။ ပြန်မမျှဖြစ်တာ လို့ပြောရင် မှန်ပါလိမ့်မယ်။ သေချာမရေးမိတော့ မှတ်စု တိုအနေနဲ့ပဲ သိမ်းထားဖြစ်တယ်။ သုတေသီတစ်ယောက် အဖို့ကတော့ ကိုဗစ် တရုတ်ပြည်မှ စဖြစ်တည်းက ကိုဗစ်နဲ့ပတ်သတ်ပြီး အလုပ်တွေပိုများလာတာ ခုထိပါပဲ။ ကိုယ်ဝါသနာပါတာလေးလုပ်နေရလို့ သာ တော် တော့တယ်။ သတင်းတွေကလည်း တနေ့ တမျိုးမရိုးရ။ ကိုဗစ်၊ စစ်၊ နိုင်ငံရေး သတင်း တွေနဲ့ တနေ့ တနေ့ ကွန်ပျူတာရှေ့ မှာ သတင်း အတင်းမျိုးစုံလည်း ဖတ်ရ၊ နာရတယ်။ စိတ်တွေလည်း ညစ်ရ၊ ပျော်ရ၊ ဝမ်းနည်းရ၊ ဒေါသထွက်ရ၊ ရသအစုံပေါ့လေ။
ဒါနဲ့ တလောက လူတစ်ယောက် က သတ်သေပြီးတော့ သူသတ်သေတာကို live လွှင့်သွားသတဲ့။ အဲ့တာကို ပြန်ကူး ပြန်လွှင့်ကြတာလည်းရှိကြတယ်။ ထူးပြီး မအံ့ဩတော့ဘူး။ clickbait တွေက ကူးထားပြန်လွှင့်ပေါ့။ လူတွေက သေတဲ့သူကို ပစ်ပစ်နှစ်နှစ် အပြစ်ပြောတာ၊ ကျန်တဲ့ အိမ်သူကို အပြစ်ပြောတာတွေလည်း မအံ့ဩဘူး။ အံ့ဩမိတာက မကြည့်ရသေးလို့ တောင်းတဲ့သူနဲ့၊ download လုပ်ထားတယ်။ DM လုပ်လိုက်မယ် ပြောတဲ့သူတွေရယ်။ ကျနော် နှစ်ခါပြန်ကြည့်ပြီး ပြီ သူက ဘယ်အချိန်မှာ ဘယ်လိုလုပ်တာ၊ လာကြည့်သူက ဘယ်လိုဆိုပြီး ပြောထားတာကိုပါ။ တစိမ့်စိမ့်ထို င်ကြည်နိုင်လောက်အောင် နှလုံးသားတွေ မာသွားကြပြီလား။ ဘာတွေကများ ဒီလိုဖြစ်စေတာလဲ စဉ်းစားရင် စာရေးဆရာ မင်းလူရေးတဲ့ ခြေ, စစ်ပွဲများ ဝတ္ထုတိုလေးက တခါ ခေါင်းထဲ ပြန်ရောက်လာတယ်။ ဒါနဲ့ပတ်သတ်လို့က ရေးချင်တာကြာပြီ၊ သုတေသန စာတမ်းတွေ ဖတ်ရှု လေ့လာပြီးမှ ရေးရမယ်ဟာလို့ထင်တယ်။ မလုပ်နိုင်သေးတာနဲ့ မရေးဖြစ်တာ။ ခုလည်း သုတေသန မလုပ် ရသေးဘူး၊ ထင်တာကိုပဲ ရေးတာ ဖြစ်ပါတယ်။
အဲ့ဒီ ခြေ, စစ်ပွဲများ ဝတ္ထုတိုလေးက စစ်ပွဲသတင်း တင်ဆက်တာတွေ အကြောင်းကို ဘောလုံးပွဲ နဲ့တင်စားပြီးပြောထားတာ။ သတင်းတင်ဆက်ပုံတွေ ကောင်းလွန်းတာကြောင့် စစ်ပွဲသတင်းတွေက ဖျော်ဖြေရေးလို ဖြစ်လာကြောင်း ရေးထားတာ။ ဘောလုံးပွဲတွေလိုပဲ အသင်းတွေဖွဲ့ ဖြစ်ကြ၊ ဘောလုံး ရာသီနဲ့ အချိန်တွေ သတ်မှတ်ပြီး ကန်ကြတာမျိုး ဖြစ်လာကြလို့ ရေးထားတယ်။
အဲ့ဒီမှာ ဘာစဉ်းစားမိလဲဆိုတော့ မြင်ပါများတော့ မထူးဆန်းတော့တာမျိုးတွေ ဖြစ်လာတာလား။ ဒါတွေလည်း နေရာအနှံ့ဖြစ်နေတာပဲ။ ငါ မကူလည်း တယောက်ယောက်ကူလိမ့်မယ်။ လုပ်လိမ့်မယ်ဆိုပြီး ဖာသိဖာသာ စိတ်တွေများ ဖြစ်လာကြမလား လို့ တွေးပူမိတယ်။ မသိစိတ်ထဲမှာ စိမ့်ဝင်နေပြီးတော့ မသိမသာ ခံစားမှုတွေ ကြမ်းလာကြပြီလားလို့ စဉ်းစားမိတယ်။ ကိုယ့်စိတ်ခံစားချက်ကရော ဘယ်လိုမျိုး ဖြစ်နေပြီလဲလို့ တွေးမိပါတယ်။ စိတ်နှလုံးချမ်းသာစေဖို့ရာ စာများများဖတ် များများတွေးဖို့။ တခုခုဆို ထစ်ခနဲ့ မခံစားဖို့၊ လက်မြန်ခြေမြန် မတုံ့ပြန်ဖို့၊ အသိလေးရှိဖို့ ကျင့်ရအုံးမယ်။ ခရီးကတော့ ဝေးတယ်။
မှတ်ချက်။ ဓါတ်ပုံက ကျောင်းတုန်းက basketball ပွဲသွားအားပေးတုန်းကရိုက်ထားတာ။ ဘောလုံးပွဲ ပုံမရှိလို့။
18 April 2020
ကိုယ့်အတွက် ကိုယ်တောင်းတဲ့ နှစ်သစ်ဆုတောင်း
ကိုဗစ်-၁၉ ကာလမှာ ဧပြီလ ၈ ရက်နေ့လောက်ကစလို့ အိမ်ကနေ အလုပ် လုပ်ဖြစ်ပါတယ်။ အတက်နေ့ တစ်ရက်ပဲ ပျင်းလိုက်တာလို့ ဖြစ်မိပြီး တစ်ရက်ပြီး တစ်ရက် အချိန် ကုန်မှန်းမသိအောင် အလုပ်များပါတယ်။ ကြားချိန်လေးတွေမှာတော့ လျှောက်ပွား၊ သူငယ်ချင်းတွေနဲ့ ဗွီဒီယိုပြောကြနဲ့ ည အထိ အလုပ် လုပ်ဖြစ်တယ်။ ဖတ်ချင်ပြီး မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေလည်း ဖတ်ရင်း ဆရာတာရဲ့ စိတ်ရွှင်လန်းစေသော စကြာ ကိုဖတ်ဖြစ်တယ်။ စိတ်မနော ရွှင်လန်းစေအောင် ဘီးစကြာ ဆောင်တဲ့။ မန္ဒလ ဆိုတဲ့ စက်ဝိုင်းပေါ့။ လျှို့ဝှက်တဲ့ စက်ဝိုင်းပုံရှိတယ်တဲ့။ အဲ့ဒီ ဘီးစကြာက အဝိုင်းအဝန်းတွေ လည်နေတာ။ အဲ့ဒီဘီးလေးတွေ တပြိုက်နက်တည်းလည်နေသတဲ့လေ။
ဆရာတာက လောက သို့ဝင်ခြင်း ဟာ ဗဟိုပုံတောင်း ဖြစ်ပြီးတော့ သတိရှိအောင် အားထုတ်ခြင်း က ပထမ အဝန်း၊ မိသားစုက ၊ အလုပ် ၊ နိုင်ငံအရေး နဲ့ သဘာဝပတ်ဝန်းကျင် တို့က ဒုတိယအဝန်းထဲမှာ ပါတယ်။ ကြင်နာခြင်းဖြင့် ကိစ္စများဆောင်ရွက်ခြင်း၊ နည်းလမ်းသစ်များရှာခြင်း၊ ကိစ္စများမြောင်ကြားမှာ သက်တောင့် သက်သာရှိခြင်း နဲ့ စိတ်ရွှင်လန်းမှုကို အများကို မျှခြင်း ကတော့ တတိယအဝန်းမှာပါ ပါသတဲ့။ အဲ့ဒီ အဝန်းလေးတွေ တပြိုင်တည်းလည်မှ စိတ်ရွှင်လန်းချမ်းသာသတဲ့။ လည်နေအောင် ကျင့်ကြံအားထုတ်ရမယ်တဲ့။ ကရုဏာလည်းထားပါလို့ပြောတယ်။
ဉာဏ်ပညာ အမြော်အမြင်နဲ့ ကရုဏာဟာ ကျင့်ရမယ့်တရားတွေ။ ကျင့်မယ်၊ အကျိုးဆောင်မယ်၊ လေ့လာဆည်းပူးမယ်။ ကရုဏာလေးလည်း ထားပေးရမယ်တဲ့။
ကိုယ့်ကိုကိုယ် သုံးသပ်တော့ အဝိုင်းတွေ တပြိုက်နက်တည်း လည်မနေဘူး။ အဲ့ဒီတော့ ကိစ္စများမြောင်မှာ သက်တောင့် သက်သာမရှိ။ ခံစားလိုက်၊ စိတ်တိုလိုက်နဲ့ပေါ့။ တိုတိုပြောရရင် သတိမရှိဘူးပေါ့။
နှစ်သစ်မှာတော့ သတိပိုထားဖို့ ကြိုးစားရမယ် လို့မှတ်တယ်။ မုဒိတာလေးလည်း ထည့်ရမယ်။ အောက်စဖို့ဆရာတော်ပြောတာ.... ဒေါသထွက်တာ မုဒိတာမပါလို့တဲ့။ သတိ၊ ကရုဏာနဲ့ မုဒိတာပိုထည့် နိုင်တဲ့ သတိရှိတဲ့သူ ဖြစ်အောင် ကြိုးစားနိုင်တဲ့သူသာ ဖြစ်ရလိုတယ်။
06 January 2020
ယုံကြည်ချက် တစ်ခုတော့ ရှိနေတယ်
နေ့ မနက် ဈေးသွားတော့ ငါးတန်ခေါင်းတွေ တွေ့တာနဲ့ ဖေဖေချက်ကြွေးလေ့ရှိတဲ့ ငါးခေါင်းချဉ်ရည် ချက်မယ်ဆိုပြီး ဝယ်လိုက်တယ်။ တစ်ခေါင်း ငါးရာကျပ်နဲ့ သုံးခေါင်း။ တစ်ခေါင်း ကိုလေးစိပ် စိတ်ပေးလိုက်တယ်။ ရုံးပတီသီးလေးတွေ က တစ်စည်း ငါးဆယ်တဲ့၊ ၆၅ နှစ် အဘွားအိုရောင်းနေတာနဲ့ လေးစည်း ဝယ်တယ်။ မန်ကျီးသီး ကုန်နေတာနဲ့ ၁၀၀ ဖိုးဝယ်တယ်။ မုံညှင်းဖူးလေးတွေ တစ်စည်း တစ်ရာနဲ့ ပြုတ်စားဖို့ နှစ်စည်းဝယ်တယ်။ တရုတ်က လာတဲ့ ဆိုတဲ့ ပန်းသစ်တော်ကို ကျော်ပြီး တစ်လုံးလေးရာကျပ် ထောပတ်သီးကို ကံစမ်းလိုက်တယ်။
မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုတ်၊ ကြက်သား ပလာတာ၊ အုန်းထမင်း၊ Hummus အကုန် လုပ်တတ်ပေမယ့် ချဉ်ရည်ဟင်းက ကိုယ့်အားနည်းချက်မို့ youtube မှာရှာကြည့်တယ်။ ငါးခေါင်းမျှစ်ချဉ်တို့ ငါးခေါင်းဟင်းချိုတို့ပဲတွေ့တယ် အိမ်ကချက်ပုံချက်နည်းမတွေ့။ မမကြီးကို ဆက်ပြီးမေးရတယ်။ မမကြီး က အကုန်ချက်တတ်တယ်။ သူမသိတာ ဘာမှ မရှိ။ မဆလာ၊ ဆားနဲ့ ဆနွင်းနဲ့ ဂျင်းလေးနည်းနည်း ထည့်ပြီးနယ်ထား၊ ဆီသတ်ပြီး ချက်၊ ကျက်ခါနီးလေး ရုံးပတီသီးထည့်ပြီးမှ မကျီးမှည့်ကို ရေများများနဲ့ ထည့်တဲ့။ မြန်လိုက်တာ ကောင်းလိုက်တာမှ၊ နေ့လယ်စာရော ညစာရော စားရတယ်။ အိမ်မှာဆိုရင်တော့ နံပြားနဲ့ အီကြာကွေးနဲ့ ပေါင်မုန့်ကြမ်းနဲ့ ဘာနဲ့ပေါ့။ နေပြည်တော် တော့ ဒီလိုပဲစားရတယ်။
ဟင်းချက်နေရင်း သတင်းနားထောင်နေမိတယ်။ ဩစတေးလျမီးလောင်တဲ့ အကြောင်းတွေ ကြည့်ဖြစ်ရာကနေ ကိုယ်တို့ သဘာဝပတ်ဝန်းကျင်ကြီး အတော်ပျက်ဆီး ယိုယွင်းနေပါပေါ့လား။ မြန်မာပြည်မှာလည်း မိုးတွေ ရွာနေတယ်။ တောင်သူတွေ ဘယ်လိုနေပါ့မလဲ တွေးမိ။ တလက်စတည်း မနှစ်က မွန်ပြည်နယ် ရေကြီးမှု နောက်ဆက်တွဲ ဘာတွေ လုပ်ဖြစ်ပါလိမ့် ကိုရောက်သွား။ နွေရာသီတောင်ရောက်တော့မှာဘဲကို ဆက်တွေးမိ၊ ရေရှားတော့မှာဘဲ ကနေ ပြီးခဲ့တဲ့ တပတ်က မြေအောက်ရေ ဉပဒေကြမ်း ကို ခုန်ကူးသွားတယ်။ သေချာမဖတ်ရသေးတာရယ် နားမလည်တာရယ် နဲ့ ဘယ်သူ သုံးသပ်ထားလဲ လိုက်ရှာရအုံးမယ်နဲ့ အတွေးတွေ ဆက်နေမိတယ်။ နောက်တော့ ငါးတန်မြည်းကြည့်ရင်း ငါးတန်ဆီ အတွေးက တချက်ပြန်လည်သွားတယ်။
ငါးတန်ချက်ရာကနေ သဘာဝပတ်ဝန်းကျင်အကြောင်း စဉ်းစားမိလို့ သဘာဝပတ်ဝန်းကျင်ကိစ္စကို ကိုယ်ဘယ်တုန်းက စ စိတ်ဝင်စားမိလို့ ဆိုတဲ့အထိပါ အတွေးဆက်မိတယ်။ ဒီကနေ့က အလုပ် လုပ်ရပေမယ့် ရုံးမတက်ရတော့ အေးအေးဆေးဆေး ဆက်တွေးနေနိုင်တယ်။
၂၀၀၄ လောက်ကလို့ထင်တယ်။ စာအုပ်အဟောင်းဆိုင်ကနေ ဝယ်လာတဲ့ ဆရာချစ်စံဝင်းရဲ့ စာအုပ်ထဲမှာ ငါးတန် အထီးကြီးဆိုတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ဖတ်ရတယ်။ ငါးတွေ ရှားလာပြီးဈေးကြီးလာတဲ့အကြောင်းနဲ့ ငါးသားပေါက်ရာသီမှာဆိုရင် ငါးဖမ်းပိုက်တွေကို ဘယ်လိုထားရတယ် ဘာကြောင့်ထားရတယ်ဆိုတာ နဲ့ ငါးတန် သဘာဝ တွေနဲ့ သယံဇာတ ရှားပါးလာတာကို စိတ်ဝင်စားဖွယ်ရေးသားထား ဖြစ်ပါတယ်။
အဲ့ဒီကနေ စတင်စိတ်ဝင်စားလာပြီး ရှာဖွေ ဖတ်လာခဲ့ရာကနေ ဆရာမင်းလူရေးတဲ့ ငါးလေးတစ်ကောင် ဖမ်းမိတယ်နဲ့ ဖူးစာရှင်ကိုရွေးတော့မည် ကို ဖတ်မိတဲ့အချိန်မှာတော့ ပိုမိုနားလည်လာတယ်။ အဲ့ဒီအချိန်ကတော့ ဆရာအုန်းတို့ ထုတ်တဲ့ စာအုပ်တွေလည်း ထုတ်နေပြီဆိုတော့ ပိုမို ဖတ်လို့ လေ့လာလို့ရလာတဲ့ အချိန် ဖြစ်လာပါတယ်။ အားလုံးကိုလည်း ဖတ်ကြည့်ကြစေချင်ပါတယ်။
ဆရာမင်းလူ ရဲ့ စာအရေးအသားကောင်းချက်ဆိုတာ သယံဇာတ ရှားပါလာမှုနဲ့ နောက်ဆိုရင် သဘာဝ ပစ္စည်းတွေက ပိုမိုတန်ဖိုးရှိလာပုံကို ပြောင်မြောက်စွာရေးသားထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုတော့ တည့်တည့်ထိတဲ့ အထိတော့ မကြုံသေးဘူးပေါ့လေ။
နောက်တော့ နာဂစ်နဲ့ ကြုံရတဲ့ အခါ တော့ သဘာဝပတ်ဝန်းကျင်ကြီးပြောင်းလဲလာမှုက ကိုယ့်ကို တည့်တည်ကိုဝင်တိုးပြီး သိလာရပြီ။ ကူကြကယ်ကြ ဝိုင်းဝန်းကြတဲ့ ကိုယ်လည်း ဖျာပုံမှာ အခြေစိုက်ပြီး အလုပ် လုပ်ဖြစ်တယ်။ မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသရဲ့ နွေရာသီ ရေချို ရေရှားပါးမှုတွေ၊ အငန်ဓါတ်ဝင်တဲ့ လယ်မြေကိစ္စတွေ၊ ဒီရေတော ပြုန်းတီးမှုနဲ့ ဆိုင်ကလုန်းစင်တာလိုမျိုးတွေ ပိုမိုလေ့လာရတယ်။ နောက်တော့ တောင်သူလယ်သမားတွေရဲ့ လူမှုဘဝ ပြန်လည်မြှင့်တင်ရေးကိစ္စတွေအထိ ကံကောင်းစွာနဲ့ပဲ လေ့လာဆည်းပူး လုပ်ကိုင်ခွင့်ရခဲ့တယ်။ သဘာဝပတ်ဝန်းကျင်ကြီးပျက်ဆီးနေပြီဖြစ်လို့ စောင့်ရှောက် ထိန်းသိမ်းဖို့ ဆိုတာတွေလည်း ပိုမိုကျယ်လောင်လာချိန်ဖြစ်နေတာပေါ့။ အဲ့လိုအချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ငါးသမားတွေ ကူညီဖမ်း ရေကြီးတုန်းက မျောပါပျောက်ဆုံးသွားတဲ့ အတွက် ပစ္စည်းတွေ ပေးလိုပါတယ် ဖြန့်ဝေပေးပါလို့လာတယ်။ သူတို့ ကိရိယာပစ္စည်းတွေ လာချိန်မှာတော့ ပစ္စည်းများဟာ ကောင်းလွန်း ပြည့်စုံလွန်းပါတယ်။ ပြည့်စုံလွန်းတာမှ ဘာငါးမှ မကျန်အောင်ကို ဖမ်းနိုင်အောင် အသေးစိတ်လွန်းပါတယ်တဲ့။ တဖက်နဲ့ ပြန်ညှိနှိုင်းတော့ ဝေသာဝေသာပေးလိုက်ပါ အဓိက က ကုန်ဖို့ပါပဲတဲ့။ ဒီအဖြစ်အပျက်က ခုထိ မမေ့သေးတဲ့ အတိတ်က ရင်နာစရာခံစားချက်ပါ။ ဒါကိုကျော်လွှားဖို့ ဘာလုပ်မလိုတာက ပညာသင်ဖို့ ဖြစ်လာပါတယ်။
ဒီလိုနဲ့ ကျောင်းဆက်တက်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ပိုမိုခိုင်မာလာပြီး ကြိုးစားဖြစ်ခဲ့ပါတယ်။ ကျောင်းတက် ပြန်လာ ရ ရာ အလုပ် ကို ဝင်လုပ်၊ လုပ်ချင်တဲ့ အလုပ်ရဖို့ ကြိုးစားပြောင်း၊ ကျောင်းထပ်တက်နဲ့ အလုပ်ပြန်လုပ်နဲ့၊ ဝါသနာပါရာကို လုပ်ရင်း ကိုယ့်ရည်ရွယ်ရာ အိပ်မက် တွေရှိတဲ့ လမ်းကြောင်းကို ရောက်ဖို့ ခရီးနှင်နေပါတယ်။ စတင်ကာစမှာပဲ အဖျက်အမှောက်မျိုးစုံကြုံရပေမယ့် လက်ငင်းအကျိုးကျေးဇူးတွေလည်း အများကြီးခံစားရပါတယ်။ “Shoot for the moon. Even if you miss, you'll land among the stars.”Norman Vincent Peale ဆိုသလိုဘဲ မျှော်မှန်းထားတဲ့ ဆီမရောက်သေးခင်မှာတော့ ကြယ်တွေရဲ့ အကျိုးကျေးဇူးကို ခံစားရလျက်ရှိပါတယ်။
ဒါကြောင့်မိုလို့ လောကဒဏ်တရား (ချီးကျုး ကဲ့ရဲ့ ချွေရံ နည်းပါး ပေါများ) တွေကို ခံနိုင်ရည်ရှိအောင် ကျင့်ရင်းနဲ့၊ မိတ်ကောင်းဆွေကောင်းများရဲ့ စောင်မ ကြည့်ရှုမှုကြောင့် ယုံကြည်ရာ ရည်ရွယ်ရာပန်းတိုင်ကိုရောက်မယ်ဆိုတဲ့ ယုံကြည်ချက်က ရှိပါတယ်။ တတ်နိုင်သလောက်လည်း Plastic တွေလျော့သုံး၊ ဖော့ဘူးတွေကတော့ မသုံးတာကြာပြီ၊ တတ်နိုင်သမျှ အလေအလွင့်မရှိအောင် ကြိုးစား။ မုဒိတာ စိတ်နဲ့ အလုပ် လုပ်မယ်လို့ စိတ်ကူးတယ်။ ငါးအကြောင်း အသေးစိတ်ကိုတော့ နောက်မှရေးပါအုံးမယ်။
25 December 2019
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်
ဒီဇင်ဘာ ၁၈ ရက်နေ့ နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ကျင်းပပါတယ်။ ဒီနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ ဆောင်ပုဒ်ကတော့ “လူမှုစီးပွားကောင်းစေဖို့ ကောင်းစွာ ရွှေ့ပြောင်းသွားလာစို့” (Migration and Social Cohesion) ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် မှာ တမ္ဘာလုံး မှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူ စုစုပေါင်း ၂၇၂ သန်းရှိတယ်လို့ သိရပါတယ်။ အားလုံးသိထားတဲ့အတိုင်း မြန်မာနိုင်ငံက နေ နိုင်ငံတကာကို ရွှေ့ပြောင်းအလုပ် လုပ်ကိုင်သူတွေလည်း တနေ့တခြား တိုးတက်များပြားလက်ရှိပါတယ်။ အိမ်နီးခြင်း ထိုင်းနိုင်ငံမှာဆိုရင် ၅သန်းထိ ရှိနေပြီလို သိရပါတယ်။ အဲ့ဒီထဲကမှ ၃ သန်း ကတော့ တရားမဝင်နေရောက်လုပ်ကိုင်နေတယ်လို့သိရှိရပါတယ်။ ထိုင်းနိုင်ငံအပြင်၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ UAE၊ ကာတာ အပြင် အခြားဉရောပ နိုင်ငံများသို့လည်း သွားရောက် လုပ်ကိုင်နေကြကြောင်းသိရှိရပါတယ်။
တော တွေ တောင်တွေ မြစ်ချောင်း ပင်လယ်ကို ဖြတ်ပြီး တရားဝင် လမ်းကြောင်းရော တရားမဝင် လမ်းကြောင်း ကပါ အခြား နိုင်ငံ ကိုသွားရောက် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်တယ်ဆိုတာ ပိုမိုကောင်းမွန်တဲ့ အလုပ် အကိုင်တွေရရှိဖို့၊ ပိုမိုကောင်းမွန်တဲ့ ဘဝ အနေအထားရရှိဖို့၊ ပညာသင်နိုင်ဖို့ အစရှိသဖြင့် မျှော်လင့်ချက် တပွေ့တပိုက်နဲ့ သွားကြတာပါ။ ဒီလိုသွားတဲ့နေရာမှာ မိမိ ပိုက်ဆံ စိုက်ထုတ်ပြီး သွားတာရော၊ ရွှေ့ပြေင်းသွားလာ ကုန်ကျစရိတ် မတတ်နိုင်လို့ ပေါင်နှံ ချေးငှားပြီးသွားရတာ၊ အေဂျင်စီက စိုက်ပေးပြီးတော့ လခ ထဲက လတိုင်း ပြန်ဆပ်ရတာ…။ တဖက်ကိုရောက်ရှိ သွားရင်လည်း ရရှိတဲ့အလုပ်မှာ အဆင်ပြေတာ မပြေတာ တွေ မျှော်လင့်ထားတဲ့ အတိုင်း မဖြစ်လာရင် (3 Ds Job) ကိုကြုံရရင် မငြင်းနိုင်ဘဲ သည်းခံလုပ်ရတာတွေ ဖြစ်လာပါတယ်။ (Dirty, Dangerous and Demeaning Jobs) ညစ်ပတ်၊ အန္တရာယ်ရှိတဲ့ အလုပ်တွေ အပြင် ဘဝဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အလုပ်တွေ ဖြစ်ပါတယ်။
ဒီလိုမျိုး တဖက်မှာ ဘာဖြစ်မလဲ မသိဘဲ သွားရောက် အလုပ် လုပ်ကိုင်တဲ့သူတွေလည်း လွန်စွာများပါတယ်။ ကံကောင်းပြီး အလုပ်အကိုင် အဆင်ပြေသူများလည်းရှိသလို ဘာသတင်းမှ မရ အစပျောက်သွားသူတွေလည်း ရှိပါတယ်။ မွန်ပြည်နယ်မှာ လုပ်ထားတဲ့ သုတေသနမှာဆိုရင် ရွှေ့ပြောင်းအလုပ် လုပ်ကိုင်သူ ရှိတဲ့အိမ်တွေဟာ အခြားသူများထက် အခြေအနေပိုကောင်းတာကိုတွေ့ရှိရပါတယ်။ ခုလောလောဆယ် အခြေအနေကောင်းပေမယ့် နောင်ရေး အဆင်ပြေအောင်က ငွေတွေကို စီမံသုံးစွဲတဲ့ မိသားစုများ အခန်းကဏ္ဍက လွန်စွာအရေးကြီးပါတယ်။ ဒါကို စနစ်တကျ စီမံသုံးစွဲမှုမရှိဘဲ (နောင်ရေးကိုမစီမံဘဲ)၊ စားသုံးမှုမှာဘဲ ကုန်မယ်ဆိုရင် ရွှေ့ပြောင်းအလုပ် လုပ်ကိုင်မှုကနေ အကောင်းသံသရာသို့ မဖောက်ထွက်နိုင်ဘဲ မိဘများက တဖက်နိုင်ငံသွားအလုပ် လုပ်၊ ကလေးကလည်း ပညာမတတ်၊ ကြီးလာတော့ သူလည်း သွားအလုပ် လုပ်နဲ့ အဆိုးသံသရာ လည်နေနိုင်ပါတယ်။
နောက်တခုကလည်း သွားရောက် အလုပ် လုပ်ကိုင်ပြီး ပြန်ပို့တဲ့ ငွေအတော်များများက တရားမဝင်လမ်းကြောင်းက ဝင်နေတာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ Monetary policy ကိုစီမံခန့်ခွဲရာမှာလည်း အခက်အခဲတွေရှိပါတယ်။ တရားမဝင်လမ်းကြောင်းကို သုံးနေတယ်ဆိုတာ တရားဝင်လမ်းကြောင်းထက် ပိုလွယ်နေလို့ပါ။ အလုပ်သမားများ ငွေပြန်လည်လွှဲပို့တာကို တရားဝင်လမ်းကြောင်းကနေ ပို့ဖို့ တိုက်တွန်းနေတာထက် လက်တွေ့ပိုလွယ်အောင် လုပ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
ဒီနှစ်ရဲ့ “လူမှုစီးပွားကောင်းစေဖို့ ကောင်းစွာ ရွှေ့ပြောင်းသွားလာစို့” ဆောင်ပုဒ်အရ မသွားခင်မှာ စနစ်တကျ သေချာပြင်ဆင် သွားနိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ်။ အခုဆိုရင် နှစ်နိုင်ငံ သဘောတူ စာချုပ်များချုပ်ဆိုပြီး လုပ်သားများ တရားဝင် ပို့ဆောင်နိုင်နေပြီဖြစ်ပါတယ်။ MoU နဲ့ သွားတာဆိုရင် ဘေးအန္တရယ်ကင်းပြီး တခုခု ဖြစ်ခဲ့ရင်လည်း အကာအကွယ်ရနိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကတော့ ဒီလိုအခြေအနေမျိုးမရှိခဲ့ပါဘူး။ အခုဆိုရင် MoU နဲ့ သွားရင် မြန်မာဖက်မှာ ကုန်ကျစရိတ် က ၁၅၀,၀၀၀ကျပ်ထက်မပိုပါဘူး။ ဉပမာ ဆိုရင် - မြဝတီ ကနေရန်ကုန် ကားခ ၁၀,၀၀၀ ကျပ်၊ Passport လုပ်ခ ၂၅,၀၀၀ ကျပ်, စာချုပ် ချုပ်ဆိုခ ၆,၀၀၀ ကျပ်၊ စာရွက်စာတမ်းခ ၃,၅၀၀ ကျပ်၊ ရန်ကုန်မှ မြဝတီသို့ကားခ ၁၀,၀၀၀ ကျပ် နဲ့ မြဝတီ မှာ labour card လုပ်တာ၊ ဓါတ်ပုံရိုက်ခ ဘာညာ ၁၅,၀၀၀ ကျပ် ရယ် အေဂျင်စီက ဝန်ဆောင်ခ ၆၀,၀၀၀ ကျပ်လောက် ကုန်ကျပါတယ်။ ထိုင်းဖက်မှာတော့ ၂၉၀၀ ဘတ်ပါ။ ဆေးစစ်တာ ၅၀၀, ၂ နှစ်ဗီဇာ ၅၀၀, အလုပ်လုပ်ခွင့်ပါမစ် ၂ နှစ်စာ ၁၉၀၀ ဖြစ်ပါတယ်။
ထိုင်းဖက်ခြမ်းမှာလည်း မြန်မာ့ရွှေ့ပြောင်းအလုပ်သမား အရေး စွမ်းစွမ်းတမံ ဆောင်ရွက်ကြလို့ မြန်မာပြည်ဖက်ကနေ လုပ်သားစုဆောင်းတာကိုပါ စနစ်တကျ ဆောင်ရွက်လာနိုင်တာ ဖြစ်ပါတယ်။ Responsible recruitment ကို မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့များက စက်ရုံများ၊ ဝယ်ယူသုံးစွဲတဲ့ နိုင်ငံများနဲ့ စနစ်တကျပူးပေါင်းပြီး အားသွန်ခွန်စိုက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ဒီလို MoU က ဘာမှလည်းသိပ်မကုန် စိတ်လည်းချရတာကို ဘာလို့ အောက်လမ်းကနေ တရားမဝင် သွားနေကြတာလဲလို့ မေးမြန်းကြည့်ပါတယ်။ ပိုသက်သာလို့လား၊ ဒါမှ မဟုတ် အသိက ခေါ်လို့လား လို့မေးကြည့်ပါတယ်။ စိတ်မကောင်းစရာပါပဲ မသိလို့ ပါတဲ့။ MoU စနစ်နဲ့ တရားဝင် သွားတာ အချိန် ခဏတော့ စောင့်ရတယ် ဒါပေမယ့် ဒီလိုတွေရှိနေတယ်ဆိုတာ မသိလို့ပါတဲ့။ ဒါနဲ့ပဲ လူကုန်ကူးခံ၊ အမြတ်ထုတ်ခံရတာတွေ ဖြစ်လာရော။ ကျွန်မတို့ ဒီ့ထက်ပိုကြိုးစားရမယ်။
မှတ်ချက်။ ဓါတ်ပုံက မဟာချိုင် မှာ ရိုက်တယ်။
01 December 2019
လူငယ်နဲ့ နိုင်ငံရေး
BBC မြန်မာပိုင်းက Friday Live ဆိုတဲ့ အပတ်စဉ် သောကြာညနေ လေးနာရီမှာ တင်ဆက်တဲ့ အစီအစဉ်က ဖိတ်ခေါ်တာနဲ့ NLD က မဇာဏီမြင့်မောင်နဲ့ အတူ သွားရောက်ဆွေးနွေးဖြစ်ပါတယ်။ ခေါင်းစဉ်ကတော့ လူငယ်နဲ့ နိုင်ငံရေး။ အဲ့ဒီထဲက ကိုယ်ဆွေးနွေးခဲ့တဲ့ မှတ်မိတာလေး ပြန်ရေးလိုက်ပါတယ်။
နိုင်ငံရေးဆိုတာ ဘယ်လိုမျိုးလဲနဲ့ လူငယ်တွေ ဘယ်လိုပါဝင်လို့ရမလဲဆိုတာနဲ့ စတင်ဆွေးနွေးဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံရေးလို့ဆိုလိုက်ရင် ကိုယ့်အရေးပဲဖြစ်တယ်လို့ မြင်လိုက်လို့ရတယ်။ ပါတီနိုင်ငံရေး၊ အစိုးရ အဖွဲ့ထဲဝင်လုပ်တဲ့နိုင်ငံရေး၊ လှုပ်ရှားမှုနိုင်ငံရေး၊ လူမှုရေး စသဖြင့်မျိုးစုံရှိပါတယ်။ နေရာပေါင်းစုံကနေ ပါဝင်လို့ရပါတယ်။ တပတ်ကို တရက်ပဲ ဖြစ်ဖြစ် တနာရီပဲ ဖြစ်ဖြစ် ဝင်ပြီး လုပ်ကိုင်လို့ရပါတယ်။ ဒါပေမယ့် လုပ်နိုင်ကိုင်နိုင်အောင် လမ်းကြောင်းတွေ ဖွင့်ထားပေးဖို့နဲ့ ထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။ မည်ကာမတ္တဝင်ခွင့်ပေးလို့လည်းမရပါဘူး။
နိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ ထောင်နဲ့ တန်းမြင်တယ်ဆိုတဲ့ကိစ္စကလည်း ရှိနေတော့ မိဘ တွေအနေနဲ့လည်း အားမပေးပါဘူး။ အတိတ်က သင်ခန်းစာတွေကြောင့်လို့ ပြောရမှာ ဖြစ်ပါတယ်၊ တလက်စတည်းမှာလည်း တချို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေလည်း ထောင်ကျ၊ အမှုရင်ဆိုင်ရတာတွေ ဆက်ဖြစ်နေလို့လည်း ဖြစ်ပါတယ်။ ဒါမျိုးကို ဖြည်းဖြည်းချင်း ပြုပြင်သွားနိုင်ဖို့လိုအပ်ပါတယ်။
ဘာလို့လူငယ်တွေ နိုင်ငံရေးမှာပါဝင်ဖို့လိုတာလဲ။ ဒီမေးခွန်းကလည်း ဖြေရမှာကျယ်ပြန့်ပါတယ်။ လူငယ်တွေရဲ့ အရေးကိစ္စ နဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်တွေ မတူကြပါဘူး။ ဒါတွေကို ဖြေရှင်းဖို့ ကျွန်မတို့ လူငယ်တွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်မှရပါမယ်။ ဒီလို ကိုယ်တိုင်ဖြေရှင်းတယ်ဆိုတဲ့ နေရာမှာ လွှတ်တော်ထဲဝင်မှ၊ တက်ကြွလှုပ်ရှားမှ မဟုတ်ပါဘူး။ လူငယ့်ရေးရာ ကိစ္စတွေ၊ မူဝါဒတွေ ချမှတ်ရေး ဆွေးနွေးမှုတွေ၊ ပါတီ နိုင်ငံရေးကိစ္စရပ်တွေမှာ တတ်နိုင်သလောက်ပါဝင် ကူညီဆောင်ရွက်တာတွေ၊ မိမိ အမြင်တွေကို ကောင်းကောင်းမွန်မွန် ဖော်ထုတ်တင်ပြ ဆွေးနွေးတာတွေ လုပ်ကိုင်လို့ရပါတယ်။
မူဝါဒ ချမှတ်သူတွေနဲ့ အကောင်အထည်ဖော်သူတွေအနေနဲ့ လူငယ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိန်ခေါ်ချက်တွေကို နားထောင်နေလား၊ မူဝါဒတွေ ချမှတ်နေသလား၊ ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားနေသလား ဒါတွေကို စောင့်ကြည့်လေ့လာဖို့ ပါဝင်ဖို့ လိုပါတယ်။
ခုခေတ်လူငယ်တွေ ကြုံနေရတာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတာ၊ ကျောင်းပညာရေးနဲ့ လက်တွေ့ လုပ်ငန်းခွင်တွေက ကိုက်ညီမှုမရှိတာတွေ၊ စသဖြင့် ကြုံနေရတယ်။ ဒါတွေကို ဖြေရှင်းဖို့ ထည့်သွင်းစဉ်းစားနေလား၊ နားထောင်နေလား၊ ဖြေရှင်းဖို့ အစီအစဉ်တွေရှိနေပြီလား ဆန်းစစ်ဖို့နဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းဖို့လိုနေပါတယ်။ ဒါ ကျွန်မတို့ လုပ်နိုင်တဲ့၊ လုပ်နိုင်သလောက် လုပ်လို့ရတဲ့ နိုင်ငံရေး ဖြစ်ပါတယ်။
အထက်က ပြောခဲ့သလို မည်ကာမတ္တပါဝင်ခွင့်ပေးတာထက် တကယ့်ကို ပါဝင်ခွင့်ပေးပြီး လူကြီးများ အတွေ့အကြုံနဲ့ လူငယ်တွေရဲ့ ချဉ်းကပ် ဖြေရှင်းဆောင်ရွက်မှုတွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ပါတယ်။ နောက်အရေးကြီးဆုံးအချက်က ကျွန်မ တို့ လူငယ်တွေမှာ အာဃာတတွေ မရှိပါဘူး။ တဉီးနဲ့ တဉီး ပူပေါင်းဆောင်ရွက်ဖို့၊ ညှိနှိုင်းဆောင်ရွက်ဖို့ ပိုမိုလွယ်ကူ မြန်ဆန်ပါတယ်။
တချို့တွေကတော့ ဝင်လုပ် ပြောဆိုနေတဲ့သူတွေက လုပ်နိုင်လို့၊ ပိုက်ဆံရှိလို့၊ အားလို့ လို့ထင်ကြတယ်။ သူတို့ က နိုင်ငံရေးလုပ်နိုင်မှာပေါ့ အခြေအနေက မှ မတူတာဆိုတာမျိုး ပြောကြတယ်။ ဒီနေရာမှာ နည်းနည်း ပြောချင်တာက တပတ်တရက်ပဲ ဖြစ်ဖြစ် တပတ် တညနေ ပဲ ဖြစ်ဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းအား ဖြင့် ပိုမိုနားလည်လာတယ် (စာ မဖတ်မဖြစ် ဖတ်ရမယ်၊ လေ့လာရမှာ ဖြစ်ပါတယ်)၊ အသိုင်းအဝိုင်းလည်း ကျယ်ပြန့်လာတယ်၊ မသိတာတွေလည်း ပိုမိုလေ့လာလို့ရလာပါတယ်။ ယူတတ်ရင် အကျိုးရှိတာတွေ များပါတယ်။
မိမိတတ်နိုင်သည့် ဖက်က ဝင်ရောက်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံနဲ့ ပြည်သူ့အကျိုးကိုဆောင်ရွက်နိုင်တဲ့ လူငယ်များ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ဓါတ်ပုံကတော့ South South Global Thinkers ပွဲမှာ သွားဆွေးနွေးတုန်းက UN ရုံးမှာ။
05 October 2019
ပြောင်းလဲချိန် တန်ပြီနဲ့ ဆာဗာ (၂)
အကြောင်းတိုက်ဆိုင်လာလို့ နည်းနည်းလေး ရေးချင်ပါတယ်။ နည်းပညာသမား မဟုတ်ပါဘူး။ သုတေသီပါ။ ထုံးစံအတိုင်း မြန်မာစာ စာရိုက်တော့ ဇော်ဂျီနဲ့ပဲ ရိုက်ပါတယ်။ နောက်တော့ အစိုးရ လုပ်ငန်းတွေနဲ့ တွဲလုပ်တော့ မြန်မာ ၃ နဲ့ ရိုက်လာရပါတယ်။ အစကတော့ မရိုက်တတ်တော့ NHM တို့ online converter တွေ ဘာတွေ သုံးခဲ့တယ်။ နောက်တော့ အသစ် တခု တတ်လည်း ကောင်းတယ်ဆိုပြီး လုပ်လိုက်တာ သုံးရက်ကြာတယ်။ ရိုက်တာက ပြဿနာ မရှိဘူး။ ဖောင့် ပြောင်းပြီး ရိုက်တာ အကောင်းကနေ အဂ်လိပ် ပြန်ပြောင်းလို့မရတာ၊ မျက်တောင် အဖွင့် အပိတ်တွေ မရတာ။ ခဏခဏ စက်က ဟမ်းသွားတာတွေ ကြုံခဲ့ရတယ်။ ခုထိလည်း ကြုံရတုန်းပဲ။
ဘာကြောင့်သုံးလဲဆိုတော့ စာလုံးတွေကို စနစ်တကျလေး ရိုက်လို့ရတယ်။ အသတ် တချောင်းငင် လုံးကြီးတင်တွေ ကို သပ်သပ်ရပ်ရပ်ထွက်လို့၊ ကာဆာ ချရင် ပြန်ပြင်ရင်လည်း သေချာ ကြည့်လို့ရလို့ ကြိုက်တယ်။ ယူနီကုတ် သုံးရင် ကိုယ့်ကို စောင့်ကြည့်လို့ရတယ်၊ ကိုယ်လုပ်နေတာတွေ ကို ဖတ်နေလိမ့်မယ်ဆိုတော့ ဒီတိုင်းလည်း စောင့်ကြည့်လို့ရနေတာပဲလို့ ထင်တာပဲ။ နောက်ထပ် အဆင်မပြေသေးတာလေးတွေက word ထဲရိုက်ရင်ပြေတယ်၊ ဘရောက်ဇာ မှာဆိုရင် ရိုက်တာ မပေါ်ဘူး။ စာလုံးတွေက သေချာ မမြင်ရ စတာတွေ ကြုံရတယ်။ အခု ဝိုင်းလှောင်ကြ ပြောကြ ဝေဖန်ကြတာတွေ မြင်နေဖတ်နေရတယ်။ ကိုယ်ကတော့ နည်းပညာ ပိုင်း ဆိုင်ရာ မသိလို့ မပြောတတ်ဘူး။
ဒါပေမယ့် အပြောင်းအလဲဆိုတာ ဒီလိုဘဲ။ ခက်တယ်။ ဆာဗာကြီးက အဆင်သင့် မဖြစ်သေးရင် ပြန်လန်ကျတာပဲ။ လုပ်နေတဲ့ သူတွေ လူငယ်တွေ အားလုံးကို ချီးကျူးပါတယ်။ ကျေးဇူးလည်း တင်တယ်။ ပိုကောင်းအောင်လို့သာ အားကျိုးမာန်တက်နဲ့ လုပ်နေတယ်လို့လည်း ယုံကြည်ပါတယ်။ ယူနီကုတ်လိုက်တာနဲ့ အီးဂါးဗားမန့် ပြောင်းသွားမယ်လို့လည်း ဆိုလိုတာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
အစစ အရာရာ နောက်ကျ ခဲ့တဲ့ မြန်မာနိုင်ငံမှာ အစစ အရာရာ အဆင်ပြေ လွယ်ကူချောမွေ့အောင် နည်းပညာပိုင်းဆိုင်ရာမှာ တတ်နိုင်သလောက် ကူညီဆောင်ရွက်နေကြလို့ ကျေးဇူးတင်ပါတယ်။ ဖောင့်များလည်း ညီညွတ်အေးချမ်းကြပါစေ။
မော်ဒယ်နိမ့်ဖုန်းလေးတွေ သုံးလို့မရ ဖြစ်နေတာတွေကိုလည်း အမြန်ဆုံးဖြေရှင်းပေးနိုင်ပါစေ။ ကျေးဇူးတင်ပါတယ်။ ပြောင်းလဲချိန် တန်ပြီနဲ့ ဆာဗာ (၁) မှာ ပြောခဲ့သလို ပိုကောင်းတယ်ဆိုလို့ ပြောင်းမယ်ဆိုပြီး ကြိုးစားချိန်မှာ သွားပြောင်းဖို့ အားထုတ်ချိန်မှာ ဆာဗာကျနေတာနဲ့ချည်း ကြုံတော့ စိတ်ညစ်မိတယ်။
ချုပ်ပြောရရင် အပြောင်းအလဲဆိုတာ ခက်ခဲပါတယ်။ မလွယ်ကူ မချောမွေ့ဘူး။ ကျမတို့ သည်းခံမှရမယ်။ တူတူကြိုးစားကြပါစို့။
ငုဝါဝင်း
Subscribe to:
Posts (Atom)
