25 September 2012

နေခြည်ထဲတွင် ရွှေကိုမြင်သည် (၁) - ဇော်ဇော်အောင်

နေခြည်ထဲတွင်
ရွှေကိုမြင်သည်…..
မင်းသုဝဏ်
                  HERBERT MARCUSE (1898-1979) ဟားဘတ်မာကျူကို ‘လက်ဝဲသစ် NEW LEFT’ ရဲ့ဖခင်ကြီးလို့ တင်စားနိုင်ပါလိမ့်မယ်။ ဖခင်ကြီးလို့ မပြောချင်ရင်တောင်မှ သူ့သြဇာဟာ ‘လက်ဝဲသစ်’ တွေအပေါ်မှာ အလွန်ကြီးမားခဲ့တယ်လို့တော့ အသေအချာပြောနိုင်ပါတယ်။ နှောင်းလူများ (အထူးသဖြင့်) ပို့စ်မာ့က္စဝါဒီ POST-MARXIST တွေရဲ့ လောကမှာ သူ့ကိုလွန်စွာလေးစားကြတယ်။ သူဟာ မူလကတော့ ကျော်ကြားလှတဲ့ ‘ဖရင့်ဖက်ဂိုဏ်း FRANKFURT SCHOOL’ ကဖြစ်တယ်။ သူ့ရဲ့အရေးပါးဆုံးအတွေး အခေါ်လည်းဖြစ်၊ နှောင်းလူများအပေါ် သြဇာ အသက်ရောက်ဆုံးလည်းဖြစ်တဲ့ အတွေးအခေါ်ကတော့ အရင်းရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ ပစ္စည်းမဲ့လူတန်းစားဟာ အချက်အချာ နေရာမှာ မရှိတော့ဘူး။ တစ်နည်းပြောရရင် တော်လှန်ရေးရဲ့ အသည်းနှလုံးဟာ ပစ္စည်းမဲ့လူတန်းစားမဟုတ်တော့ဘူးဆိုတဲ့ အတွေးအခေါ်ဖြစ်ပါတယ်။
ကျမ်းရိုးမာ့က္စဝါဒက ဟောညွှန်ပြခဲ့သလို တော်လှန်ရေးတွေ ဖြစ်မလားဘူး။ ပစ္စည်းမဲ့လူတန်းစားကလည်း အောင်ပွဲမခံနိုင်ဘူး။ အရင်းရှင်ဝါဒ ကလည်း ဗုန်းဗုန်းလဲ ပြိုပျက်မသွားဘူး။ သိပ္ပံနဲ့ နည်းပညာ တိုးတက်လာတာနဲ့အမျှ စက်မှုလွန် လူ့အဖွဲ့အစည်းမှာ အရင်းရှင် စနစ်ဟာ ပိုမို ခိုင်မာလာတယ်။ ဒါပေမဲ့ လက်ဝဲသစ်တို့ရဲ့ဂုရုကြီး မာကျူ ယုံကြည်ထားတာရှိတယ်။ အဲ့ဒီတစ်ခုကတော့ နိုင်ငံရေးပုံသဏ္ဍာန်အသစ်တွေ NEW FORMS OF POLITICS မုချမသွေ ပေါ်ထွန်းလာလိမ့်အုံးမယ်ဆိုတာပါပဲ။ ဒီမှာ စိတ်ဝင်စားဖို့ကောင်းတာက ပို့စ်မော်ဒန်တွေရဲ့နိုင်ငံရေး အတွေးအခေါ်နဲ့လာတူနေတယ်ဆိုတဲ့ အချက်ပါပဲ။ ပို့စ်မော်ဒန်တို့ရဲ့ နိုင်ငံရေးအမြင်ကို ဆက်ကြည့်ရပါမယ်။
             ပို့စ်မော်ဒန်ဆိုတာ ဘာလဲ လို့ပြောကြစတမ်းဆိုရင် ထုတ်ထမ်းဓားထမ်း ပြောကြရာမှာ ပြောမဆုံးပေါင် တောသုံးထောင် ကမယ်မထင်ဘူး။ အဲဒီအထဲက အဓိကလက္ခဏာကြီးတစ်ရပ်ကို ထုတ်ပြပါဆိုရင် မက်တာနရေးတစ် METANARRATIVE ဆိုတဲ့ ‘မဟာဒဿန မဟာပုံပြင် မဟာစီမံကိန်းကြီး’ တွေကို မယုံစားခြင်း/ ငြင်းပယ်ခြင်းပါပဲ။ မက်တာနရေးတစ် ဆိုတာ ဘယ်သို့ ဘယ်ညာ မူးတင်းပဲတင်းဝိုက်နေတာတွေကို ကျွန်တော်တို့ နားငြီးလှပါပြီ။ ကျွန်တော်တို့အခြေအနေနဲ့ လက်တွေ့ကျကျ သက်ဆိုင်တဲ့ ကိစ္စတွေဟာ အရေးကြီးပါတယ်။ ဆိုင်ရာဆိုင်ရာ ပြဿနာတွေကို ငါတို့သာလျှင်ဖြေရှင်းဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အတွေးအခေါ် ဒဿနတွေ၊ အစုအသင်းအဖွဲ့ အစည်းတွေဟာ မက်တာနရေးတစ်တွေပဲဖြစ်တယ်။  အဲ့တာတွေကို ပို့စ်မော်ဒန်တွေ (ပို့စ်မော်ဒန်ကို လက်ခံနှစ်ခြိုက်တဲ့ ကျွန်တော်တို့က ငြင်းပယ်တယ်။ ရိုးရိုးရှင်းရှင်းကလေးပါပဲ။ အဲဒီ မဏ္ဍိုင်အယူအဆပေါ်မှာ အခြေပြုတဲ့ ပို့စ်မော်ဒန် နိုင်ငံရေးဟာ ရှေးရိုးစဉ်လာ စွဲမှတ်လက်ခံလာလဲ့ကြတဲ့ ‘အကြီးစား ပါတီနိုင်ငံရေး’ LARGE-SCALE PARTY POLITICS ကိုမနှစ်သက်ဘူး။ အသစ်ဖြစ်ပေါ်လာနိုင်တဲ့ ‘နိုင်ငံရေး ပုံသဏ္ဍာန်သစ်များ’ NEW FORMS OF POLITICS ဆိုတာဟာ ပို့စ်မော်ဒန်တွေ အခေါ်အပြောရှိတဲ့ MICRO POLITICS အနုနိုင်ငံရေးဆိုတာပဲဖြစ်တယ်။ မိုက်ကရိုနိုင်ငံရေးလို့လည်း ခေါ်နိုင်ပါတယ်။
              ပို့စ်မော်ဒန် အနုနိုင်ငံရေး POST MODERN MICROPOLITICS လို့ခေါ်ကြပါတယ်။ အနုဆိုတာ အသေးကလေးဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ အထက်ကပြောခဲ့တဲ့ အကြီးစားနိုင်ငံရေးမဟုတ်ဘူးဆိုတာ ပထမဆုံးပြောရပါပြီ။ တစ်လောကလုံး၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ရည်ရွယ်ပြီး လုပ်တာမျိုး မဟုတ်ဘူး။ ဒေသအလိုက် အစုအဖွဲ့ အသင်းအပင်း အစုအဝေးကလေးတွေအတွက် ရည်ရွယ်ပြီးလုပ်တာမျိုးဖြစ်တယ်။ ဒေသအလိုက် (LOCAL) အစုအဝေးကလေးတွေ (COMMUNITY) ဆိုတဲ့သဘောတွေကို အလေးပေးပါတယ်။ တစ်လောကလုံးက လူ့အဖွဲ့အစည်း အားလုံးအတွက်၊ လူသားအားလုံးအတွက် ဆောင်ရွက်ရတဲ့ ကိစ္စမျိုးမဟုတ်ဘူး။ ကျွန်တော်တို့စကားမှာ ရပ်ရေး ရွာရေး၊ သာရေး နာရေး၊ ဆိုတဲ့စကားရှိတာကို သတိပြုမိစေချင်ပါတယ်။ ကိုယ့်ရပ် ကိုယ်ရွာ ကိုယ့်ဒေသ၊ ကိုယ့်အစုကလေးတွေအတွက် ‘ရပ်ရေးရွာရေး၊ သာရေးနာရေး’ ဆောင်ရွက်တာဟာ ပို့စ်မော်ဒန် အမြင်အရ  ‘နိုင်ငံရေး/အနုနိုင်ငံရေး’ လုပ်တာပါပဲလို့ အသေအချာပြောခဲ့ပါတယ်။ ဒီမှာ အရေးတကြီး ဂရုပြုမိဖို့ကတော့ (၁) အများကောင်းကျိုးအတွက် ဖြစ်ရမယ် (၂) အများညှိနှိုင်းဆောင်ရွက် တိုင်ပင်တာဖြစ်ရမယ် (၃) အများ စိတ်ဝမ်းညီစွာ စုပေါင်းဆောင်ရွက်ကြတာ ဖြစ်ရမယ်။
               အရင်ကရေးခဲ့တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေမှာလည်း ကြိမ်ဖန်များစွာပြောခဲ့ပြီးပါပြီ။ [လောလောဆယ်၊ ကျွန်တော့်ရဲ့ “ဆည်းဆာဖြူ” ပို့စ်မော်ဒန် မှတ်စုဆောင်းပါးများ၊ စာအုပ် (၂၀၀၆) ကိုကြည့်ပါ။] အထက်ပါ သဘောကို ဒီလိုပြောခဲ့ပါတယ်။ အရေးကြီးတယ် ယူဆတာမို့ ထပ်မံဖော်ပြပါရစေ။
             “လူ့အရေးအရာကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်ရာမှာ လူ့အသင်းအဖွဲ့အစုအဝေး သေးသေးငယ်ငယ်လေးတွေ (၀ါ) အုပ်စုကလေးတွေဟာ မိမိတို့ဒေသအလိုက်၊ မိမိတို့ဝန်းကျင်အလိုက် မိမိတို့နဲ့ သက်ဆိုင်ရာ ကိစ္စလေးတွေကို စုပေါင်းဆွေးနွေးတိုင်ပင်ညှိနှိုင်းအဖြေရှာ ဆောင်ရွက်ကြပါတယ်။ (အဲဒါ မျိုးတွေကို MICRONARRATIVE လို့ခေါ်ပါတယ်။ LITTLENARRATIVE လို့လည်း ခေါ်ပါတယ်။  LOCALNARRATIVE လို့လည်း အခေါ်အပြောရှိပါတယ်။
                                                                                                ဆည်းဆာဖြူ၊ ညွှန်းပြီး၊ စာ-၈၈”
                   အခုလောလောဆယ် ထင်သာမြင်သာတဲ့ ပုံစံတွေ ပြရမယ်ဆိုရင် နာရေးကူညီမှုလုပ်ငန်းဟာ ပို့စ်မော်ဒန်အမြင်အရပြောရရင် ‘မိုက္ကရို နိုင်ငံရေး/ အနုနိုင်ငံရေး’ ဆောင်ရွက်နေတာပါပဲ။ အလားတူပဲ ကဗျာဆရာတွေ၊ ပန်းချီဆရာတွေ၊ ဂီတရုပ်ရှင်ပညာရှင်တွေ၊ မော်ဒယ်ကလေးတွေနဲ့ ပေါင်းစုပြီး ကဗျာတွေ ရွတ်ကြ၊ သီချင်းဆိုကြ ပါဖောမင့်လုပ်ကြတာ ခုခံအားကျဆင်းတဲ့ ဝေဒနာရှင်တွေကို ကူညီတဲ့ ရန်ပုံငွေပွဲဖြစ်လို့ ပို့စ်မော်ဒန်အမြင်အရ ‘မိုက္ကရို/အနုနိုင်ငံရေး’ ဆောင်ရွက်တာပါပဲ။ ဒါကလောလောဆယ် မြင်သာတဲ့ ဥပမာတွေအဖြစ်ပြရတာပါ။ တကယ်တမ်းကျတော့ ဒီလို ရပ်ရေးရွာရေး၊ သာရေး၊ နာရေး ဆောင်ရွက်ကြတာတွေဟာ တစ်နိုင်ငံလုံးမှာ ရှိနေပါတယ်။ သမိုင်းနဲ့ချီပြီး ရှိနေပါတယ်။ ကျွန်တော်တို့ ဘိုးဘေး ဘီဘင် အစဉ်အဆက်တည်ရှိခဲ့တဲ့ မြန်မာ့တန်ဖိုး MYANMAR VALUES တွေပါပဲ။
                   ကျွန်တော်တို့ ဘာသာစကားမှာ ကုသိုလ်ဖြစ်ဆိုတဲ့ စကားရပ်ရှိပါတယ်။ ပရဟိတဆိုတာရှိတယ်။ စေတနာ့ဝန်ထမ်း ဆိုတာရှိတယ်။ မြန်မာလူ့အဖွဲ့အစည်းမှာ ယုံကြည် ကိုးကွယ်မှုတွေနဲ့ ခွဲခြားမရတဲ့ တန်ဖိုးတွေဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှုဆိုရာမှာလည်း ဗုဒ္ဒဘာသာတစ်ခုတည်းမဟုတ်ပါဘူး။ ခရစ်ယာန်၊ အစ္စလာမ်ဆိုတဲ့ ဘာသာကြီးတွေမှာလည်း အစုအသင်းအဖွဲ့အစည်းတွေဟာ ဒီလို ကုသိုလ်ဖြစ်၊ ပရဟိတ၊ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ (စကားပမာ- မိဘမဲ့ဂေဟာတွေ၊ ဆေးပေးခန်းတွေ၊ ဆေးရုံတွေ၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွေ) ကိုလုပ်ကိုင်ဆောင်ရွက် နေကြတာတွေရှိပါတယ်။ အခုလည်း မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိနေတာပါပဲ။ အခု (ဒီနေ့) ခေတ်မှာ ကြားသိနေကြတာမှာ အဖွဲ့အစည်းဆိုတာရှိတယ်။ INGO/ INTERNATIONAL NON-GOVERNMENTAL DEVELOPMENT ORGANIZATION/ နိုင်ငံတကာ အစိုးရမဟုတ်သော ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းဆိုတာရှိတယ်။ GONGO/ GOVERNMENT ORGANIZED NON-GOVERNMENTAL ORGANIZATION/ အစိုးရကဖွဲ့စည်းပေးသော အစိုးရမဟုတ်သောအဖွဲ့အစည်းဆိုတာရှိတယ်။ တခြားအဖွဲ့အစည်း အမျိုးအစားတွေလည်း ရှိပါလိမ့်အုံးမယ်။ ဒါတွေမှာ ပို့စ်မော်ဒန်တို့ရဲ့ မိုက္ကရိုနိုင်ငံရေး/ အနု နိုင်ငံရေးသဘောတွေ ကိန်းဝပ်တည်ရှိနေပါတယ်။ ဆင်ခြင်ပွားများ ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။
                  ကျွန်တော်တို့ အဘိုးအဘွား၊ ဘိုးဘေး ဘီဘင် အစဉ်အဆက်က ကြားနာ မှတ်သားဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဘာလဲဆိုတော့ ဒီလို ရပ်ရေးရွာရေး သာရေးနာရေး (ပို့စ်မော်ဒန် အနုနိုင်ငံရေး) လုပ်ငန်းတွေဟာ လူသာဓုခေါ်၊ နတ်သာဓုခေါ်တဲ့ လုပ်ငန်းတွေ ဖြစ်တယ်ဆိုတဲ့ စကားပါပဲ။ ဒါတွေဟာ တစ်နည်းပြောရရင် ‘နိုင်ငံရေးပုံသဏ္ဍာန်အသစ်’ တွေပါပဲ။
နေခြည်ထဲတွင်
ရွှေကိုမြင်သည်….
     မင်းသုဝဏ်
                                                                                      မဟေသီ၊ ဇွန်၊ ၂၀၀၇။