13 November 2022

လမ်းခရီး က အတွေးများ (၁)

ဒီနေ့မနက်တော့ ဈေးဝယ်ထွက်လိုက်တယ်။ ပဲကြီး နို့ဆီဘူး တစ်ဘူး ကို ၈၀၀ ကျပ်တဲ့၊ ဆူးပုတ်ကတော့ ၃ စည်း ၃၀၀ ကျပ်ဆိုလို့ ဆူးပုတ်များများခပ်သောက်မယ် စိတ်ကူးလိုက်တာပဲ။ ဆက်လျှောက်လာတော့ ငှက်ပျော အုန်း ရောင်းတဲ့ ဆိုင် သုံးလေး ဆိုင် ဆက်နေတဲ့နေရာ ကိုရောက်လာတယ်။ ပွဲအုန်းတွေ အတွက် ကြွက်မြီးလေး တွေကို အုန်းရွက်အစိမ်းလေး တွေ နဲ့ ပတ်နေတာတွေ့လို့ ကြည့်ကောင်းလို့ ရပ်ကြည့်နေမိတယ်။ ဆိုင်က အမျိုးသမီးကတော့ ပွဲထိုးမလား၊ ဘာယူမလဲ လို့ မေးတယ်။ သူ့ကို ကြည့်လိုက်ရင်း ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်း ပွဲထိုးသူများလာ သလား၊ ပိုရောင်းရလား၊ ဆိုင်က သူတို့အရောင်း ကို မှတ်ထားတာများ ရှိမလား လို့ တွေးနေတုန်း ဘေးက ဖြတ်တိုက်သွားလို့ လက်ထဲ က အထုတ်ပြုတ်ကျ မှ အတွေးရပ်မိတယ်။ ၂၀၂၁ နောက်ပိုင်းမှာ ကိုဗစ်ကြောင့် ရော နိုင်ငံရေး မတည်ငြိမ်မှုကြောင့်ရော လူတိုင်းနီးပါး ခက်ခဲ ကြပ်တည်းကြတယ်။ စိတ်ရော လူရော ပင်ပန်းကြ ဒုက္ခရောက်ကြရတယ်။ လူအတော်များများက စိတ်ဒုက္ခရောက်ကြရရင်တော့ ကိုးကွယ်ရာဘာသာ‌ကို အားကိုးပြီး စိတ်ခွန်အားယူရ၊ ဖြေတွေးကြရတာများကြတယ်။ အမြဲ ကြားနေရတဲ့ စကားအများစုကတော့ "ဝဋ်ကြွေးပါလာလို့" ဆိုတာနဲ့ ဖြေတွေးကြတာ များပါတယ်။ ကိုယ်တိုင်လည်း မကြာခဏ အဲ့လိုလည်း ဖြစ်ဖူးပါတယ်။ ဘာသာရေးဆိုတာကလည်း ဘာလဲဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုဖို့ကတော့ ကိုယ်လို အသိဉာဏ်မရင့်သန်သူ အဖို့တော့ ခက်ခဲ လှပါတယ်။ အယူအဆ အမျိုးမျိုး၊ ယုံကြည်မှု အမျိုးမျိုးနဲ့ ကွဲပြားကြတဲ့ အချိန်မှာ ငါ့ဘာသာ က မှ မှန်တာ၊ ပြည့်စုံတာ ဆိုတာထက် သူများကိုပါ လက်ခံ နိုင်တာ က အကောင်းဆုံးလို့ပဲ ယူဆပါတယ်။ ကိုယ်ယုံကြည်ရာ ကိုးကွယ်လို့ရတယ်၊ သူများကို ထိခိုက်တာ၊ တိုက်ခိုက်တာ၊ ရှုံ့ချတာ မလုပ်ဘူးဆိုရင် ဖြင့်ကို အတော်လေး ကောင်းနေပြီလို့ပဲ မှတ်ယူချင်ပါတယ်။ ဒါနဲ့ သူငယ်ချင်းရော ဘဝ မှာ တချိန်ချိန် မှာ ပွဲထိုးခဲ့ဖူးသလား။

No comments:

Post a Comment