28 June 2020

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး

ဆရာဉီးတင် ထွဋ်ဦးနှင့် ဦးဇေယျသူတို့၏ တိုင်းပြုပြည်ပြု ၂၀၂၀ စကားဝိုင်းကိုနားထောင်ရင်း ဖတ်ဖူးပြီး မှတ်စုထုတ်ထားတဲ့ မောင်ထင်ရဲ့ စာအုပ်ကို သတိရမိပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဆိုတာ တိုင်းပြည်လူဉီးရေရဲ့ ၆၅ရာခိုင်နှုန်းကျော် မှီခိုနေကြပြီ ကျေးလက်ဒေသလူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရာ အဓိက လုပ်ငန်းကြီးဖြစ်လို့နေပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာန ကို ဉီးဆောင်မည့်သူဟာ သာမန်လူဖြစ်လို့တော့မရပါဘူး။ စိုက်ပျိုးရေး ဘောဂဗေဒ၊ ကုန်သွယ်ရေး၊ သိပ္ပံပညာ၊ စက်မှုလက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ နှင့် လူ့စွမ်းအားအရင်းအမြစ်တွေကို သိရှိနားလည်ပြီး မပျင်းမရိ လိုက်စားနိုင်မှ ရပါမယ်။ စိုက်ပျိုးရေးကဏ္ဍကိုဉီးဆောင်မည့်သူ မဆိုထားတဲ့ တောင်သူလယ်သမားတွေ တောင် ဘာကြောင့် ဘာတွေ လေ့လာလိုက်စားတတ်မြောက်ဖို့လိုသလဲဆိုတာ မောင်ထင်ရဲ့ စာအုပ်ထဲကနေ ကောက်နှုတ်တင်ပြလိုက်ပါတယ်။ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ တခေတ်ဆန်းသစ်ပြီး တောင်သူဉီးကြီး ‌ဒေါ်ကြီးတွေ၊ မောင်လေး ညီမလေးတွေ အောင်မြင်ကြပါစေလို့ဆန္ဒပြုပါတယ်။ အထောက်အပံ့ကောင်း ဖြစ်အောင်လည်း ကြိုးစားနေပါတယ်လို့ ပန်ကြားလိုပါတယ်။ မောင်ထင်၏ ၁၉၆၅ မတ်လ ၂ ရက်နေ့ထုတ် ဟံသာဝတီ သတင်းစာ၌ ရေးသားခဲ့သော ဆောင်းပါး မှ ကောက်နှုတ်ချက်ကို ဖတ်ရှုတော်မူပါ။ (စကားချပ်..ယနေ့ထိ ခေတ်မီနေဆဲဖြစ်ကြောင်းတွေ့ရပါလိမ့်မယ်) “ယနေ့လယ်ယာစိုက်ပျိုးရေးစနစ်မှာ သိပ္ပံပညာနှင့်ယှဉ်သောစနစ်ဖြစ်သည်။ ထို့ကြောင့် တောင်သူလယ် သမားတို့ပညာတတ်ဖို့အရေးသည် အလွန်အရေးကြီးပေသည်။ စက်မှုလယ်ယာဟုဆိုလျှင်ပင် စက်အကြောင်းနား လည်ရတော့ပေမည်။ ငါးမြှောင်တောင်ပိုးတိုက်ဖျက်ရေးဟုဆိုလျှင်ပင် ရုက္ခဗေဒ၊ ဇီဝဗေဒစသည်တို့နှင့်တကွ ပိုး အကြောင်း၊ မွှားအကြောင်း၊ ကပ်ပါးအကြောင်းနားလည်ရတော့ပေမည်။ ဆန်စပါးဝယ်ရေးစီမံကိန်းစသည်တို့ဆို သည်နှင့်တစ်ပြိုင်နက် ဘောဂဗေဒသဘောတရားများကို ခေါက်မိကြရပေတော့မည်။ ထို့ပြင် ယနေ့လယ်ယာစနစ်ထဲတွင် မွေးမြူရေးစနစ်ရောက်ရှိနေပြီ။ ယခင်က စိုက်ပျိုးရေး ချည်းသပ်သပ်ကို လုပ်ကိုင်နေရာမှ ယခုအခါစိုက်ပျိုးမွေးမြူရေးကိုပါ ဖက်တွဲလုပ်ကိုင်လာခြင်းမှာ တော်လှန်ရေး၏လက္ခဏာတစ် ရပ်ပင်ဖြစ်သည်။ ဤကဲ့သို့သော်အခါ တိရစ္ဆာန်မွေးမြူရေး သိပ္ပံပညာရပ်တို့ကို ကျွန်ုပ်တို့တောင်သူလယ်သမားများ တက်ကျွမ်းကြရတော့မည်။ ထို့ကြောင့် ယနေ့တောင်သူလယ်သမားတို့သည် ပညာရှင်လယ်သမားဘဝသို့ ရှေးရှု နေကြပြီဖြစ်သည်။ ဤသည်ကား အဝိဇ္ဇာကိုတော်လှန်သည့် သဘောပင်ဖြစ်ချေသည်။ တောင်သူလယ်သမားတို့ သည် တက္ကသိုလ်မှာ ဝိဇ္ဇာသိပ္ပံဘွဲ့များကို မယူပဲနေသည့်တိုင်အောင် မိမိတို့စိုက်ပျိုးရာ လယ်ကွင်း၊ ခြံမြေ၊ ဥယျာဉ် စသည်တို့မှ ဝိဇ္ဇာသိပ္ပံဘွဲ့များ ပေးအပ်နေသည်ကို ခံယူကြရပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ယနေ့တော်လှန်ရေး ကြီးတစ်ရပ် ဖြစ်ထွန်းနေပုံကို ဉာဏ်မျက်စိဖြင့်ယှဉ်၍ ကြည့်ပြီးလျှင် ထိုတော်လှန်ရေးနှင့်အတူ ကြီးပွားတိုးတက် အောင် ဆောင်ကြဉ်းနိုင်ကြပါစေရန် မေတ္တာရှေ့ထား၍ တိုက်တွန်းအပ်ပါသတည်း။” မောင်ထင် မောင်လေး ညီမလေးတွေရောလို့ရေးရတာ.... လွန်ခဲ့တဲ့ ငါးနှစ်က စလို့ စိုက်ပျိုးရေး လုပ်ငန်းကို တခေတ်ဆန်းသစ်စေပြီး Digital Agriculture နဲ့ စိုက်ပျိုးရေးကို စနစ်တကျ ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းနေတဲ့ လူငယ်တွေ အများကြီးကို တွေ့ရလို့ပါ။ ဆရာဉီးတင်ထွဋ်ဦးပြောသလို ကွန်ပျူတာ၊ တယ်လီဖုန်းနဲ့ တိုးချဲ့စိုက်ပျိုးရေးပညာပေးကို နှစ်ဆတိုးပြီးလုပ်ရတော့မှာပါ။ အခက်အခဲလေးတွေ ရှိသော်ငြားလည်း အလားအလာတွေ အလွန်ကောင်းမွန်ပြီး ဆောင်ရွက်နေသူတွေ ရှိနေပါတယ်။ ပိုမို အရှိန်မြှင့်နိုင်အောင် လိုအပ်တာများ ကူညီဖြည့်ဆည်းပေးမယ်ဆိုရင် စိုက်ပျိုးရေးကို အခြေခံကို စက်မှုလက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်ပြီး ဆင်းရဲမှုတွင်းထဲက ကိုယ့်ဖာသာ ထွက်နိုင်ကြမှာ ဧကန်မလွဲပါ။ ကျေးဇူးတင်ပါတယ်။ ငုဝါဝင်း

13 June 2020

ခြေ, စစ်ပွဲများ နဲ့ တွေးမိတွေးရာ - ၁

စာရေးမယ်ဆိုပြီး မရေးဖြစ်ဘူး။ ပြန်မမျှဖြစ်တာ လို့ပြောရင် မှန်ပါလိမ့်မယ်။ သေချာမရေးမိတော့ မှတ်စု တိုအနေနဲ့ပဲ သိမ်းထားဖြစ်တယ်။ သုတေသီတစ်ယောက် အဖို့ကတော့ ကိုဗစ် တရုတ်ပြည်မှ စဖြစ်တည်းက ကိုဗစ်နဲ့ပတ်သတ်ပြီး အလုပ်တွေပိုများလာတာ ခုထိပါပဲ။ ကိုယ်ဝါသနာပါတာလေးလုပ်နေရလို့ သာ တော် တော့တယ်။ သတင်းတွေကလည်း တနေ့ တမျိုးမရိုးရ။ ကိုဗစ်၊ စစ်၊ နိုင်ငံရေး သတင်း တွေနဲ့ တနေ့ တနေ့ ကွန်ပျူတာရှေ့ မှာ သတင်း အတင်းမျိုးစုံလည်း ဖတ်ရ၊ နာရတယ်။ စိတ်တွေလည်း ညစ်ရ၊ ပျော်ရ၊ ဝမ်းနည်းရ၊ ဒေါသထွက်ရ၊ ရသအစုံပေါ့လေ။ ဒါနဲ့ တလောက လူတစ်ယောက် က သတ်သေပြီးတော့ သူသတ်သေတာကို live လွှင့်သွားသတဲ့။ အဲ့တာကို ပြန်ကူး ပြန်လွှင့်ကြတာလည်းရှိကြတယ်။ ထူးပြီး မအံ့ဩတော့ဘူး။ clickbait တွေက ကူးထားပြန်လွှင့်ပေါ့။ လူတွေက သေတဲ့သူကို ပစ်ပစ်နှစ်နှစ် အပြစ်ပြောတာ၊ ကျန်တဲ့ အိမ်သူကို အပြစ်ပြောတာတွေလည်း မအံ့ဩဘူး။ အံ့ဩမိတာက မကြည့်ရသေးလို့ တောင်းတဲ့သူနဲ့၊ download လုပ်ထားတယ်။ DM လုပ်လိုက်မယ် ပြောတဲ့သူတွေရယ်။ ကျနော် နှစ်ခါပြန်ကြည့်ပြီး ပြီ သူက ဘယ်အချိန်မှာ ဘယ်လိုလုပ်တာ၊ လာကြည့်သူက ဘယ်လိုဆိုပြီး ပြောထားတာကိုပါ။ တစိမ့်စိမ့်ထို င်ကြည်နိုင်လောက်အောင် နှလုံးသားတွေ မာသွားကြပြီလား။ ဘာတွေကများ ဒီလိုဖြစ်စေတာလဲ စဉ်းစားရင် စာရေးဆရာ မင်းလူရေးတဲ့ ခြေ, စစ်ပွဲများ ဝတ္ထုတိုလေးက တခါ ခေါင်းထဲ ပြန်ရောက်လာတယ်။ ဒါနဲ့ပတ်သတ်လို့က ရေးချင်တာကြာပြီ၊ သုတေသန စာတမ်းတွေ ဖတ်ရှု လေ့လာပြီးမှ ရေးရမယ်ဟာလို့ထင်တယ်။ မလုပ်နိုင်သေးတာနဲ့ မရေးဖြစ်တာ။ ခုလည်း သုတေသန မလုပ် ရသေးဘူး၊ ထင်တာကိုပဲ ရေးတာ ဖြစ်ပါတယ်။ အဲ့ဒီ ခြေ, စစ်ပွဲများ ဝတ္ထုတိုလေးက စစ်ပွဲသတင်း တင်ဆက်တာတွေ အကြောင်းကို ဘောလုံးပွဲ နဲ့တင်စားပြီးပြောထားတာ။ သတင်းတင်ဆက်ပုံတွေ ကောင်းလွန်းတာကြောင့် စစ်ပွဲသတင်းတွေက ဖျော်ဖြေရေးလို ဖြစ်လာကြောင်း ရေးထားတာ။ ဘောလုံးပွဲတွေလိုပဲ အသင်းတွေဖွဲ့ ဖြစ်ကြ၊ ဘောလုံး ရာသီနဲ့ အချိန်တွေ သတ်မှတ်ပြီး ကန်ကြတာမျိုး ဖြစ်လာကြလို့ ရေးထားတယ်။ အဲ့ဒီမှာ ဘာစဉ်းစားမိလဲဆိုတော့ မြင်ပါများတော့ မထူးဆန်းတော့တာမျိုးတွေ ဖြစ်လာတာလား။ ဒါတွေလည်း နေရာအနှံ့ဖြစ်နေတာပဲ။ ငါ မကူလည်း တယောက်ယောက်ကူလိမ့်မယ်။ လုပ်လိမ့်မယ်ဆိုပြီး ဖာသိဖာသာ စိတ်တွေများ ဖြစ်လာကြမလား လို့ တွေးပူမိတယ်။ မသိစိတ်ထဲမှာ စိမ့်ဝင်နေပြီးတော့ မသိမသာ ခံစားမှုတွေ ကြမ်းလာကြပြီလားလို့ စဉ်းစားမိတယ်။ ကိုယ့်စိတ်ခံစားချက်ကရော ဘယ်လိုမျိုး ဖြစ်နေပြီလဲလို့ တွေးမိပါတယ်။ စိတ်နှလုံးချမ်းသာစေဖို့ရာ စာများများဖတ် များများတွေးဖို့။ တခုခုဆို ထစ်ခနဲ့ မခံစားဖို့၊ လက်မြန်ခြေမြန် မတုံ့ပြန်ဖို့၊ အသိလေးရှိဖို့ ကျင့်ရအုံးမယ်။ ခရီးကတော့ ဝေးတယ်။ မှတ်ချက်။ ဓါတ်ပုံက ကျောင်းတုန်းက basketball ပွဲသွားအားပေးတုန်းကရိုက်ထားတာ။ ဘောလုံးပွဲ ပုံမရှိလို့။