22 April 2016

ငါးလေးတစ်ကောင်ဖမ်းမိတယ်နဲ့ ရောက်တတ်ရာရာများ - ၁

မင်းလူရဲ့ပရိတ်သတ်တွေက မင်းလူပေါင်းချုပ်ထွက်လာတော့ သူ့အကြောင်း၊ သူ့စာတွေအကြောင်း ပြောကြ လွမ်းကြ ရေးကြတာတွေ Facebook ပေါ်မှာ မြင်ရဖတ်ရတယ်။ တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖတ်ခဲ့ရတဲ့ သူ့စာတွေကိုလည်း သတိတရရှိမိတယ်။ အကြောင်း တိုက်ဆိုင်တိုင်းလည်း ခဏခဏ ပြန်သတိရမိတဲ့ သူဝတ္ထုတိုတွေကတော့ "ငါးကလေးတစ်ကောင်ဖမ်းမိတယ်" "ဖူးစာရှင်ကိုရွေးတော့မည်" "ခြေစစ်ပွဲများ" စသဖြင့်ပေါ့လေ။

အဲ့ဒီအထဲကမှ ငါးကလေးတစ်ကောင်ဖမ်းမိတယ် လေးနဲ့ပတ်သတ်တာလေးပြောချင်တာ။

၂၀၀၈ ခုနှစ် နာဂစ်တိုက်အပြီးမှာ ကျမလည်း စေတနာ့ဝန်ထမ်း လုပ်ရင်းနဲ့က အဖွဲ့အစည်းတစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်တယ်။ ရုံးကတော့ ဖျာပုံမှာပဲထိုင်ရတာပေါ့။ နာဂစ်အပြီးကာလကတော့ ဝေခြမ်းရေး တွေ၊ အရေးပေါ်လိုအပ်နေတဲ့ နေ့စဉ်သုံးမရှိမဖြစ်တွေ ခွဲဝေပေးတာတွေလုပ်ကြတယ်။ နည်းနည်းလေး ကြာလာတဲ့အခါမှာတော့ စျေးကွက်ထဲမှာ ငွေလည်လာအောင်လို့ ရေကန်ဖော်လုပ်ငန်း၊ ကျေးရွာချင်း ဆက်လမ်းတွေ ဖောက်ခြင်းများလုပ်ကြရတယ်။ အဲ့ဒီမှာ ရွာသားတွေကို အလုပ်ခိုင်း၊ နေ့တွက်လုပ်ခ ရှင်းပေးတာမျိုးတွေပေါ့။ နောက်တော့ ဆက်တိုက်လုပ်လာတာက အသက်မွေးဝမ်းကြောင်း လုပ်ငန်း များအတွက် လိုအပ်သော ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းများဖြစ်ပါတယ်။ ငါးဖမ်းလှေအသေး၊ လယ်လုပ်သူများအတွက် မြေသြဇာ၊ မျိုးစပါး၊ အိမ်လုပ်ငန်းများအတွက် အပ်ချုပ်စက် စသဖြင့်ပေါ့လေ။ အဲ့ဒီလိုလုပ်တဲ့အခါမှာ ကျမအလုပ်လုပ်တဲ့ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းက နိုင်ငံတကာအဖွဲ့အစည်း မှာ လုပ်ငန်းစီမံချက်တင်ပြီးရတာကို လုပ်ကြတာပေါ့။ အဲ့ဒီမှာ လုပ်နေရင်းနဲ့ တရက်မှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတခုကဆက်သွယ်လာတယ်။ သူတို့ဆီမှာ ငါးလုပ်ငန်း အသေးစားလုပ်ကိုင်နေသူတွေအတွက် ပစ္စည်းတွေ ထောက်ပံ့ဖို့ရှိတယ်။ အကုန်ရှိနေပြီ ပစ္စည်းတွေ၊ ဝေခြမ်းရေးကို လုပ်ပေးနိုင်မလားဆိုပြီး ဆက်သွယ်လာတယ်။ ဝေခြမ်းပေးခပွဲစားခရတာပေါ့ ကိုယ့်အဖွဲ့အစည်းကတော့။ အသေးစားငါးလုပ်ငန်း လုပ်ကိုင်နေတဲ့အိမ်ထောင်စုတွေ၊ ဘယ်လိုဧရိယာတွေမှာနေထိုင်ကြတယ်၊ လူဦးရေအချိုးအစားဘယ်လို ရှိတယ်၊ ဝင်ငွေအခြေအနေဘယ်ရွေ့ဘယ်မျှရှိတယ်ဆိုတဲ့ အချက်အလက်တွေစုဆောင်း၊ အလိုအပ်ဆုံးလူ ကို ဘယ်လိုရွေးမယ်ဆိုတဲ့နည်းနာတွေ ဆွေးနွေးညှိနှိုင်းတိုင်ပင်တာတွေ လုပ်ကြတာပေါ့။

တကယ်လုပ်မယ်ဆိုတဲ့အချိန်ရောက်တော့ ထောက်ပံ့ပေးမယ်ဆိုတဲ့အဖွဲ့ရဲ့ ပို့ပေးလာတဲ့ ကိရိယာအစုံဘူးများကအလျှံအပယ်ဖြစ်တဲ့အပြင် ပြောလာတာက ဘယ်လိုပဲပေးပေးရတယ်၊ ကုန်သွားဖို့ရယ်၊ လက်ခံရရှိ ကြောင်းလေးတွေရယ် လုပ်ပေးဖို့ပဲလို့ဆိုလာတယ်။ ကိုယ်တွေကတော့ အဖွဲ့အစည်းရဲ့လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆောင်ရွက်ကြပါတယ်။ ဧရိယာအတော်များများကိုလည်း ရှိနေပြီးသား လုပ်ငန်းစီမံချက်တွေ အရ ရောက်နေပြီးသားဖြစ်လေတော့ အချက်အလက်ရှိနေတဲ့အပေါ်မှာ အခြေခံပြီး ဝေခြမ်းရေးအတွက် လုပ်ကြပါတယ်။ ဒီလိုနဲ့ပစ္စည်းတွေရောက်လာတော့ ဝေခြမ်းရေးစတင်ပါတော့တယ်။

တစ်ရက်မှာတော့ ရွာတစ်ရွာက ပစ္စည်းလာထုတ်ပါတယ်။ လာထုတ်ချိန်မှာ ဘူးတစ်ဘူးကို ဖွင့်ကြည်တော့ ရွာသားက “စုံလိုက်တာဗျာ… ဘာငါးမှ ကျန်မှာမဟုတ်ဘူး..”ဆိုပြီးပြောပါတယ်။ ငါးမျှားချိတ်လေးတွေ ဆိုဒ်စုံပါဝင်တာပါ။ သူတို့ဖမ်းတဲ့နည်းနဲ့ ဒီလိုကိရိယာတွေကို လူအတော်များများ သုံးနိုင်နေပြီဆိုရင် ကုန်မှာပဲဆိုပြီးပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနကတော့ ငါးသားပေါက်ချိန် ဘယ်ချိန်မှာမဖမ်းရဘူး၊ ဘယ်ပိုက်နဲ့ ဖမ်းရမယ်စသဖြင့်တော့ စည်းကမ်းချက်တွေထုတ်ထားပါတယ်။ ဆိုလိုချင်ကတော့ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေက ဒေသအခြေအနေတွေ၊ အနေအထားတွေ ကို သေချာစူးစမ်းလေ့လာ၊ တွေ့ဆုံတိုင်ပင်ပြီးမှသာ လုပ်သင့်ပါတယ်။

အဲ့လိုမှမဟုတ်ရင် မင်းလူရဲ့ “ငါးလေးတစ်ကောင် ဖမ်းမိတယ်” ဝတ္ထုထဲကလိုဖြစ်သွားနိုင်ကြောင်းပါ။ ဝတ္ထုကတော့ ငါးတွေရှားပါးလာလို့ ငါးဖမ်းပွဲကျင်းပပြီး အသိပညာပေးတာတွေလုပ်ရတယ်။ ငါးဖမ်းတာကို တကယ့်ကို အဆင့်မြင့်နည်းပညာတွေသုံးပြီး ငါးတစ်ကောင်ကိုဖမ်းကြတယ်။ မိသွားတဲ့သူက သုံးနှစ်ဆက်တိုက် သူပဲမိတာ။ ဒိုင်းဆုက သူရတာပေါ့။ TV ကနေ Live လွှင့်နေပြီး သူ့သင်္ဘောပေါ်ကို ရဟတ်ယာဉ်ပေါ်ကနေ ရိုက်ပြ။ အဲ့ဒီအချိန်မှာပဲ အိမ်က သားနဲ့ မိန်းမကလည်း လှမ်းပြီး ဂုဏ်ပြုတာပေါ့။ တစ်လက်စတည်းမှာပဲ ကလေးကမေးတယ်။ ဖေဖေ အဲ့ဒီဖမ်းမိတဲ့ငါးကို အိမ်ယူလာလို့ရလားတဲ့။ သား စားဖူးကြည့်ချင်လို့တဲ့….။