25 December 2019

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်

ဒီဇင်ဘာ ၁၈ ရက်နေ့ နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ကျင်းပပါတယ်။ ဒီနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ ဆောင်ပုဒ်ကတော့ “လူမှုစီးပွားကောင်းစေဖို့ ကောင်းစွာ ရွှေ့ပြောင်းသွားလာစို့” (Migration and Social Cohesion) ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မှာ တမ္ဘာလုံး မှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူ စုစုပေါင်း ၂၇၂ သန်းရှိတယ်လို့ သိရပါတယ်။ အားလုံးသိထားတဲ့အတိုင်း မြန်မာနိုင်ငံက နေ နိုင်ငံတကာကို ရွှေ့ပြောင်းအလုပ် လုပ်ကိုင်သူတွေလည်း တနေ့တခြား တိုးတက်များပြားလက်ရှိပါတယ်။ အိမ်နီးခြင်း ထိုင်းနိုင်ငံမှာဆိုရင် ၅သန်းထိ ရှိနေပြီလို သိရပါတယ်။ အဲ့ဒီထဲကမှ ၃ သန်း ကတော့ တရားမဝင်နေရောက်လုပ်ကိုင်နေတယ်လို့သိရှိရပါတယ်။ ထိုင်းနိုင်ငံအပြင်၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ UAE၊ ကာတာ အပြင် အခြားဉရောပ နိုင်ငံများသို့လည်း သွားရောက် လုပ်ကိုင်နေကြကြောင်းသိရှိရပါတယ်။ တော တွေ တောင်တွေ မြစ်ချောင်း ပင်လယ်ကို ဖြတ်ပြီး တရားဝင် လမ်းကြောင်းရော တရားမဝင် လမ်းကြောင်း ကပါ အခြား နိုင်ငံ ကိုသွားရောက် ရွှေ့ပြောင်း အလုပ်လုပ်ကိုင်တယ်ဆိုတာ ပိုမိုကောင်းမွန်တဲ့ အလုပ် အကိုင်တွေရရှိဖို့၊ ပိုမိုကောင်းမွန်တဲ့ ဘဝ အနေအထားရရှိဖို့၊ ပညာသင်နိုင်ဖို့ အစရှိသဖြင့် မျှော်လင့်ချက် တပွေ့တပိုက်နဲ့ သွားကြတာပါ။ ဒီလိုသွားတဲ့နေရာမှာ မိမိ ပိုက်ဆံ စိုက်ထုတ်ပြီး သွားတာရော၊ ရွှေ့ပြေင်းသွားလာ ကုန်ကျစရိတ် မတတ်နိုင်လို့ ပေါင်နှံ ချေးငှားပြီးသွားရတာ၊ အေဂျင်စီက စိုက်ပေးပြီးတော့ လခ ထဲက လတိုင်း ပြန်ဆပ်ရတာ…။ တဖက်ကိုရောက်ရှိ သွားရင်လည်း ရရှိတဲ့အလုပ်မှာ အဆင်ပြေတာ မပြေတာ တွေ မျှော်လင့်ထားတဲ့ အတိုင်း မဖြစ်လာရင် (3 Ds Job) ကိုကြုံရရင် မငြင်းနိုင်ဘဲ သည်းခံလုပ်ရတာတွေ ဖြစ်လာပါတယ်။ (Dirty, Dangerous and Demeaning Jobs) ညစ်ပတ်၊ အန္တရာယ်ရှိတဲ့ အလုပ်တွေ အပြင် ဘဝဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ ဒီလိုမျိုး တဖက်မှာ ဘာဖြစ်မလဲ မသိဘဲ သွားရောက် အလုပ် လုပ်ကိုင်တဲ့သူတွေလည်း လွန်စွာများပါတယ်။ ကံကောင်းပြီး အလုပ်အကိုင် အဆင်ပြေသူများလည်းရှိသလို ဘာသတင်းမှ မရ အစပျောက်သွားသူတွေလည်း ရှိပါတယ်။ မွန်ပြည်နယ်မှာ လုပ်ထားတဲ့ သုတေသနမှာဆိုရင် ရွှေ့ပြောင်းအလုပ် လုပ်ကိုင်သူ ရှိတဲ့အိမ်တွေဟာ အခြားသူများထက် အခြေအနေပိုကောင်းတာကိုတွေ့ရှိရပါတယ်။ ခုလောလောဆယ် အခြေအနေကောင်းပေမယ့် နောင်ရေး အဆင်ပြေအောင်က ငွေတွေကို စီမံသုံးစွဲတဲ့ မိသားစုများ အခန်းကဏ္ဍက လွန်စွာအရေးကြီးပါတယ်။ ဒါကို စနစ်တကျ စီမံသုံးစွဲမှုမရှိဘဲ (နောင်ရေးကိုမစီမံဘဲ)၊ စားသုံးမှုမှာဘဲ ကုန်မယ်ဆိုရင် ရွှေ့ပြောင်းအလုပ် လုပ်ကိုင်မှုကနေ အကောင်းသံသရာသို့ မဖောက်ထွက်နိုင်ဘဲ မိဘများက တဖက်နိုင်ငံသွားအလုပ် လုပ်၊ ကလေးကလည်း ပညာမတတ်၊ ကြီးလာတော့ သူလည်း သွားအလုပ် လုပ်နဲ့ အဆိုးသံသရာ လည်နေနိုင်ပါတယ်။ နောက်တခုကလည်း သွားရောက် အလုပ် လုပ်ကိုင်ပြီး ပြန်ပို့တဲ့ ငွေအတော်များများက တရားမဝင်လမ်းကြောင်းက ဝင်နေတာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ Monetary policy ကိုစီမံခန့်ခွဲရာမှာလည်း အခက်အခဲတွေရှိပါတယ်။ တရားမဝင်လမ်းကြောင်းကို သုံးနေတယ်ဆိုတာ တရားဝင်လမ်းကြောင်းထက် ပိုလွယ်နေလို့ပါ။ အလုပ်သမားများ ငွေပြန်လည်လွှဲပို့တာကို တရားဝင်လမ်းကြောင်းကနေ ပို့ဖို့ တိုက်တွန်းနေတာထက် လက်တွေ့ပိုလွယ်အောင် လုပ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီနှစ်ရဲ့ “လူမှုစီးပွားကောင်းစေဖို့ ကောင်းစွာ ရွှေ့ပြောင်းသွားလာစို့” ဆောင်ပုဒ်အရ မသွားခင်မှာ စနစ်တကျ သေချာပြင်ဆင် သွားနိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ်။ အခုဆိုရင် နှစ်နိုင်ငံ သဘောတူ စာချုပ်များချုပ်ဆိုပြီး လုပ်သားများ တရားဝင် ပို့ဆောင်နိုင်နေပြီဖြစ်ပါတယ်။ MoU နဲ့ သွားတာဆိုရင် ဘေးအန္တရယ်ကင်းပြီး တခုခု ဖြစ်ခဲ့ရင်လည်း အကာအကွယ်ရနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကတော့ ဒီလိုအခြေအနေမျိုးမရှိခဲ့ပါဘူး။ အခုဆိုရင် MoU နဲ့ သွားရင် မြန်မာဖက်မှာ ကုန်ကျစရိတ် က ၁၅၀,၀၀၀ကျပ်ထက်မပိုပါဘူး။ ဉပမာ ဆိုရင် - မြဝတီ ကနေရန်ကုန် ကားခ ၁၀,၀၀၀ ကျပ်၊ Passport လုပ်ခ ၂၅,၀၀၀ ကျပ်, စာချုပ် ချုပ်ဆိုခ ၆,၀၀၀ ကျပ်၊ စာရွက်စာတမ်းခ ၃,၅၀၀ ကျပ်၊ ရန်ကုန်မှ မြဝတီသို့ကားခ ၁၀,၀၀၀ ကျပ် နဲ့ မြဝတီ မှာ labour card လုပ်တာ၊ ဓါတ်ပုံရိုက်ခ ဘာညာ ၁၅,၀၀၀ ကျပ် ရယ် အေဂျင်စီက ဝန်ဆောင်ခ ၆၀,၀၀၀ ကျပ်လောက် ကုန်ကျပါတယ်။ ထိုင်းဖက်မှာတော့ ၂၉၀၀ ဘတ်ပါ။ ဆေးစစ်တာ ၅၀၀, ၂ နှစ်ဗီဇာ ၅၀၀, အလုပ်လုပ်ခွင့်ပါမစ် ၂ နှစ်စာ ၁၉၀၀ ဖြစ်ပါတယ်။ ထိုင်းဖက်ခြမ်းမှာလည်း မြန်မာ့ရွှေ့ပြောင်းအလုပ်သမား အရေး စွမ်းစွမ်းတမံ ဆောင်ရွက်ကြလို့ မြန်မာပြည်ဖက်ကနေ လုပ်သားစုဆောင်းတာကိုပါ စနစ်တကျ ဆောင်ရွက်လာနိုင်တာ ဖြစ်ပါတယ်။ Responsible recruitment ကို မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့များက စက်ရုံများ၊ ဝယ်ယူသုံးစွဲတဲ့ နိုင်ငံများနဲ့ စနစ်တကျပူးပေါင်းပြီး အားသွန်ခွန်စိုက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလို MoU က ဘာမှလည်းသိပ်မကုန် စိတ်လည်းချရတာကို ဘာလို့ အောက်လမ်းကနေ တရားမဝင် သွားနေကြတာလဲလို့ မေးမြန်းကြည့်ပါတယ်။ ပိုသက်သာလို့လား၊ ဒါမှ မဟုတ် အသိက ခေါ်လို့လား လို့မေးကြည့်ပါတယ်။ စိတ်မကောင်းစရာပါပဲ မသိလို့ ပါတဲ့။ MoU စနစ်နဲ့ တရားဝင် သွားတာ အချိန် ခဏတော့ စောင့်ရတယ် ဒါပေမယ့် ဒီလိုတွေရှိနေတယ်ဆိုတာ မသိလို့ပါတဲ့။ ဒါနဲ့ပဲ လူကုန်ကူးခံ၊ အမြတ်ထုတ်ခံရတာတွေ ဖြစ်လာရော။ ကျွန်မတို့ ဒီ့ထက်ပိုကြိုးစားရမယ်။ မှတ်ချက်။ ဓါတ်ပုံက မဟာချိုင် မှာ ရိုက်တယ်။

01 December 2019

လူငယ်နဲ့ နိုင်ငံရေး

BBC မြန်မာပိုင်းက Friday Live ဆိုတဲ့ အပတ်စဉ် သောကြာညနေ လေးနာရီမှာ တင်ဆက်တဲ့ အစီအစဉ်က ဖိတ်ခေါ်တာနဲ့ NLD က မဇာဏီမြင့်မောင်နဲ့ အတူ သွားရောက်ဆွေးနွေးဖြစ်ပါတယ်။ ခေါင်းစဉ်ကတော့ လူငယ်နဲ့ နိုင်ငံရေး။ အဲ့ဒီထဲက ကိုယ်ဆွေးနွေးခဲ့တဲ့ မှတ်မိတာလေး ပြန်ရေးလိုက်ပါတယ်။ နိုင်ငံရေးဆိုတာ ဘယ်လိုမျိုးလဲနဲ့ လူငယ်တွေ ဘယ်လိုပါဝင်လို့ရမလဲဆိုတာနဲ့ စတင်ဆွေးနွေးဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံရေးလို့ဆိုလိုက်ရင် ကိုယ့်အရေးပဲဖြစ်တယ်လို့ မြင်လိုက်လို့ရတယ်။ ပါတီနိုင်ငံရေး၊ အစိုးရ အဖွဲ့ထဲဝင်လုပ်တဲ့နိုင်ငံရေး၊ လှုပ်ရှားမှုနိုင်ငံရေး၊ လူမှုရေး စသဖြင့်မျိုးစုံရှိပါတယ်။ နေရာပေါင်းစုံကနေ ပါဝင်လို့ရပါတယ်။ တပတ်ကို တရက်ပဲ ဖြစ်ဖြစ် တနာရီပဲ ဖြစ်ဖြစ် ဝင်ပြီး လုပ်ကိုင်လို့ရပါတယ်။ ဒါပေမယ့် လုပ်နိုင်ကိုင်နိုင်အောင် လမ်းကြောင်းတွေ ဖွင့်ထားပေးဖို့နဲ့ ထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။ မည်ကာမတ္တဝင်ခွင့်ပေးလို့လည်းမရပါဘူး။ နိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ ထောင်နဲ့ တန်းမြင်တယ်ဆိုတဲ့ကိစ္စကလည်း ရှိနေတော့ မိဘ တွေအနေနဲ့လည်း အားမပေးပါဘူး။ အတိတ်က သင်ခန်းစာတွေကြောင့်လို့ ပြောရမှာ ဖြစ်ပါတယ်၊ တလက်စတည်းမှာလည်း တချို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေလည်း ထောင်ကျ၊ အမှုရင်ဆိုင်ရတာတွေ ဆက်ဖြစ်နေလို့လည်း ဖြစ်ပါတယ်။ ဒါမျိုးကို ဖြည်းဖြည်းချင်း ပြုပြင်သွားနိုင်ဖို့လိုအပ်ပါတယ်။ ဘာလို့လူငယ်တွေ နိုင်ငံရေးမှာပါဝင်ဖို့လိုတာလဲ။ ဒီမေးခွန်းကလည်း ဖြေရမှာကျယ်ပြန့်ပါတယ်။ လူငယ်တွေရဲ့ အရေးကိစ္စ နဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်တွေ မတူကြပါဘူး။ ဒါတွေကို ဖြေရှင်းဖို့ ကျွန်မတို့ လူငယ်တွေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်မှရပါမယ်။ ဒီလို ကိုယ်တိုင်ဖြေရှင်းတယ်ဆိုတဲ့ နေရာမှာ လွှတ်တော်ထဲဝင်မှ၊ တက်ကြွလှုပ်ရှားမှ မဟုတ်ပါဘူး။ လူငယ့်ရေးရာ ကိစ္စတွေ၊ မူဝါဒ‌တွေ ချမှတ်ရေး ဆွေးနွေးမှုတွေ၊ ပါတီ နိုင်ငံရေးကိစ္စရပ်တွေမှာ တတ်နိုင်သလောက်ပါဝင် ကူညီဆောင်ရွက်တာတွေ၊ မိမိ အမြင်တွေကို ကောင်းကောင်းမွန်မွန် ဖော်ထုတ်တင်ပြ ဆွေးနွေးတာတွေ လုပ်ကိုင်လို့ရပါတယ်။ မူဝါဒ ချမှတ်သူတွေနဲ့ အကောင်အထည်ဖော်သူတွေအနေနဲ့ လူငယ်တွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိန်ခေါ်ချက်တွေကို နားထောင်နေလား၊ မူဝါဒတွေ ချမှတ်နေသလား၊ ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားနေသလား ဒါတွေကို စောင့်ကြည့်လေ့လာဖို့ ပါဝင်ဖို့ လိုပါတယ်။ ခုခေတ်လူငယ်တွေ ကြုံနေရတာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတာ၊ ကျောင်းပညာရေးနဲ့ လက်တွေ့ လုပ်ငန်းခွင်တွေက ကိုက်ညီမှုမရှိတာတွေ၊ စသဖြင့် ကြုံနေရတယ်။ ဒါတွေကို ဖြေရှင်းဖို့ ထည့်သွင်းစဉ်းစားနေလား၊ နားထောင်နေလား၊ ဖြေရှင်းဖို့ အစီအစဉ်တွေရှိနေပြီလား ဆန်းစစ်ဖို့နဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းဖို့လိုနေပါတယ်။ ဒါ ကျွန်မတို့ လုပ်နိုင်တဲ့၊ လုပ်နိုင်သလောက် လုပ်လို့ရတဲ့ နိုင်ငံရေး ဖြစ်ပါတယ်။ အထက်က ပြောခဲ့သလို မည်ကာမတ္တပါဝင်ခွင့်ပေးတာထက် တကယ့်ကို ပါဝင်ခွင့်ပေးပြီး လူကြီးများ အတွေ့အကြုံနဲ့ လူငယ်တွေရဲ့ ချဉ်းကပ် ဖြေရှင်းဆောင်ရွက်မှုတွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ပါတယ်။ နောက်အရေးကြီးဆုံးအချက်က ကျွန်မ တို့ လူငယ်တွေမှာ အာဃာတတွေ မရှိပါဘူး။ တဉီးနဲ့ တဉီး ပူပေါင်းဆောင်ရွက်ဖို့၊ ညှိနှိုင်းဆောင်ရွက်ဖို့ ပိုမိုလွယ်ကူ မြန်ဆန်ပါတယ်။ တချို့တွေကတော့ ဝင်လုပ် ပြောဆိုနေတဲ့သူတွေက လုပ်နိုင်လို့၊ ပိုက်ဆံရှိလို့၊ အားလို့ လို့ထင်ကြတယ်။ သူတို့ က နိုင်ငံရေးလုပ်နိုင်မှာပေါ့ အခြေအနေက မှ မတူတာဆိုတာမျိုး ပြောကြတယ်။ ဒီနေရာမှာ နည်းနည်း ပြောချင်တာက တပတ်တရက်ပဲ ဖြစ်ဖြစ် တပတ် တညနေ ပဲ ဖြစ်ဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းအား ဖြင့် ပိုမိုနားလည်လာတယ် (စာ မဖတ်မဖြစ် ဖတ်ရမယ်၊ လေ့လာရမှာ ဖြစ်ပါတယ်)၊ အသိုင်းအဝိုင်းလည်း ကျယ်ပြန့်လာတယ်၊ မသိတာတွေလည်း ပိုမိုလေ့လာလို့ရလာပါတယ်။ ယူတတ်ရင် အကျိုးရှိတာတွေ များပါတယ်။ မိမိတတ်နိုင်သည့် ဖက်က ဝင်ရောက်ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံနဲ့ ပြည်သူ့အကျိုးကိုဆောင်ရွက်နိုင်တဲ့ လူငယ်များ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ဓါတ်ပုံကတော့ South South Global Thinkers ပွဲမှာ သွားဆွေးနွေးတုန်းက UN ရုံးမှာ။