05 July 2019

ပြောင်းလဲချိန် တန်ပြီ နဲ့ ဆာဗာ (၁)

 


၂၀၁၂ ရှေ့ပိုင်းတုန်းက တယ်လီဖုန်းတလုံး ပိုင်နိုင်ဖို့ဆိုတာ လူငယ်အားလုံးလိုလိုရဲ့ လိုလားချက်တွေ ဖြစ်ခဲ့တယ်။ နောက်တော့ နိုင်ငံခြားသွားလာဖူးတဲ့သူတွေ ပညာ သွားသင်ကြားခဲ့ဖူးတဲ့ သူတွေအဖို့ မိုဘိုင်းဖုန်းနဲ့ အင်တာနက် ရဲ့ အသုံးဝင်မှု အားသာချက်တွေကို သိရှိ နားလည်ခဲ့ကြတယ်။ မြန်မာပြည် ပြန်လာပြီးနောက် ဆက်သွယ်ရခက်ခဲ၊ လိုချင်တဲ့ သတင်းအချက် အလက် အလွယ်တကူ မရတဲ့ အပေါ် အားမလို အားမရ ဖြစ်ခဲ့ကြတယ်။

အပြောင်းအလဲကို လွန်စွာ မျှော်လင့်တောင်းတ နေတဲ့ကျမတို့အဖို့ အပြောင်းအလဲက တကယ်ပဲရောက်ရှိခဲ့တယ်။ တယ်လီဖုန်း စျေးကွက်ကို နိုင်ငံပိုင် စီးပွားရေး တခုအနေနဲ့ ထိန်းချုပ်ခဲ့့တာကနေ ဖွင့်ပေးလိုက်တယ်။ အဲ့ဒီလို အခြေအနေ ကနေ တဖြေးဖြေး ကျမတို့ သုံးစွဲလာနိုင်တဲ့ အဆင့်ကိုရောက်လာကြပါတယ်။ ဆက်သွယ်ရတာ တွေ လွယ်ကူလာတယ်။ လက်လှမ်းမီနိုင်တာ တွေကို အင်တာနက်ကနေတဆင့် သင်ယူလာနိုင်ကြတယ်။ တယ်လီဖုန်းဆက်နိုင်တာကနေ တယ်လီဖုန်း အင်တာနက်ကို ရလာကြတယ်။ ပိုမြန် ပိုကောင်းတာ ကို သုံးစွဲဖို့တောင်းတ လာကြတယ်။ ဒီကနေ တဆင့်တက် သူများတွေလိုဘဲ စျေးနှုန်းသက်သာတဲ့ မြန်နှုန်းမြင့် တဲ့ အင်တာနက်ကို မျှော်လင့်ကြတယ်။ တိုတိုပြောရရင်တော့ ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေပေါ့။ တဖြည်းဖြည်းတော့ရရှိလာကြပါတယ်။ အော်ပရေတာတွေများလာတဲ့ နဲ့ အမျှ ပြိုင်ဆိုင်မှုတွေရှိလာသကိုး။

ဒီလိုနဲ့ တနေ့တော့ ကျမ ဖုန်းထဲကြော်ငြာ သတင်းစကားတခု ဝင်လာတယ်။ ၂၀၁၅ ကနေ ခုထိ ရေပန်းစားနေဆဲ စကားဖြစ်တဲ့ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ စကားလေး အစချီလို့ပေါ့။  သင့်ဖုန်းကို ပြောင်းလဲဖို့လိုပြီ။ ပိုကောင်းတဲ့ 4G အင်တာနက်သုံးစွဲနိုင်ဖို့ သင့် ဆင်းမ်ကဒ်ကို အဆင့်မြင့်လိုက်ပါတဲ့။ နီးစပ်ရာ ဆိုင်တွေကို သွားပါတဲ့။ ကိုယ် အင်တာသုံးတာကို အခြေခံလို့ အနီးဆုံးနေရာလေးတွေကိုတောင် အကြံပြုသေးတယ်။ ကျမလည်း ပိုကောင်းတဲ့ အင်တာနက် သုံးချင်ပေမယ့် အလုပ်များနေတာ နဲ့ မလှည့်နိုင်ဘူး။ အားတဲ့ အချိန် ကိုယ်သွားမယ် လုပ်တော့ ဆိုင်က မဖွင့်နဲ့။

တနေ့တော့ ကိုယ်ကလည်းအား ဆိုင်ကလည်း ဖွင့် ဖုန်းကလည်း လက်ထဲပါလာဆိုတဲ့ အကြောင်းအားလုံးတိုက်ဆိုင်တာနဲ့ 4G  ပြောင်းချင်တယ်လို့ ဆိုင်ကိုသွားတယ်။ပြောင်းလို့ရလားဆိုတော့ ရတော့ ရတယ်။ ဒါပေမယ့် ခု ဆာဗာ ကျ နေတယ်တဲ့။ ဘယ်တော့ ပြန်ရမလဲဆိုတော့ မသိသေးဘူးတဲ့။ ဒါနဲ့ နောက်တခါ လေဆိပ်က ဆိုင်မှာ တခါ ကြုံတော့ ဆာဗာ ကျနေပြန်သတဲ့။ နောက်တခါလည်း သွား။ ဆာဗာကျနေတုန်း။

စိတ်ထဲမှာ စတွေးမိတယ်။ ပြောင်းလဲချင်တဲ့ စိတ်လည်းရှိတယ် ပြောင်းဖို့လည်း ကြိုးစားအားထုတ်တယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့ ကားစီး ပြီး သွားတယ်။ သို့သော်လည်း အရေးကြီးဆုံးဖြစ်တဲ့ ဆာဗာ က လက်မခံနိုင်တော့ ဘာမှ လုပ်မရဖြစ်ရော။

ဒါကို ကျမ တို့ ခု မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီ သို့ပြောင်းလဲရေး ဖြစ်စဉ်နဲ့ ဆက်စပ် စဉ်းစားမိပါတယ်။ ကျမတို့ အောင်အောင်မြင်မြင် ပြောင်းလဲဖို့ အတွက် လိုအပ်တဲ့ ဆာဗာက ဘာလဲ။ အပြောင်းအလဲကို လက်ခံဖို့ အတူတူလိုက်ပါ ပြောင်းလဲဖို့ အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ဖို့ ဘာတွေ ပြင်ဆင်ထားဖို့လိုလဲ resource က ဘာတွေလိုတာလဲ။ ဦးစားပေး လုပ်ငန်းစဉ်တွေက ဘာတွေလဲ။ ဘယ်သူတွေက ဘယ်လို တာဝန်ယူဆောင်ရွက်မလဲ စသဖြင့် စဉ်းစားမိပါတယ်။ အမြဲမဖြစ်မနေ စပြီး စဉ်းစားရမှာက နိုင်ငံတော်ရဲ့ မူဝါဒတွေက ဘာတွေလဲ။ ခုဆိုရင် ၂၀၁၈ ခုနှစ် စက်တင်ဘာလက အတည်ပြုပြဌာန်းလိုက်တဲ့ မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) ဆိုတာ ရှိပါတယ်။ ဒီစီမံကိန်းဟာ အမိမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လို ရည်ရွယ်ပြီး ဘာတွေကို ဆောင်ရွက်မယ် ဆိုတာတွေကို ဖော်ပြထားတာ ဖြစ်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးမှု လိုအပ်ချက်တွေနဲ့ ကမ္ဘာ့အဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များနဲ့ ချိတ်ဆက်ထားတယ်လို့ဆိုပါတယ်။ ငြိမ်းချမ်း၍ သာယာဝပြောသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်စေမည့် ကာလရှည် မျှော်မှန်းချက်ဖြစ်သည်နှင့် အညီ ငြိမ်းချမ်းစေနိုင်သော နိုင်ငံသားများ သာယာဝပြောစေရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်စေရေး ပန်းတိုင်သို့ရောက်ရှိရန် မည်သည်များကို မည်သူက လုပ်ဆောင်မည်ဟု ချမှတ်ထားခြင်းဖြစ်သည်။ ထိုအချက်များထဲမှ ယခု လောလောဆယ် ဖြစ်ပေါ်နေသော နိုင်ငံခြားသို့ တင်ပို့ရောင်းချသည့် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များနှင့် ပတ်သတ်သော အချက်များထဲမှ တစ်ချက်က်ို ဆွေးနွေးတင်ပြလိုပါတယ်။ ခေါင်းစဉ် နှင့် ပြန်ကိုက်ရရင် သာယာဝပြောသော နိုင်ငံဖြစ်ဖို့ အတူတူပြောင်းလဲကြချိန် မှာ လိုအပ်တဲ့ ဆာဗာများထဲမှ အပိုင်းလေး တစ်ခုအကြောင်းပဲဖြစ်ပါတယ်။

မဏ္ဍိုင် (၂) သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အောက်မှာရှိတဲ့ ပန်းတိုင် (၃) က အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိက ဦးဆောင်သည့် ဖွံ့ဖြိုးရေး ဖြစ်ပြီး အဲ့ဒီအောက်မှာ ထပ်ပြီး ဘာတွေ လုပ်မယ် ဆိုတဲ့  လုပ်ငန်းစဉ်တွေနဲ့ မဟာဗျူဟာရလဒ်တွေလည်း ဖော်ပြထားပါတယ်။ ဒါတွေဟာ နိုင်ငံတော်က ၂၀၁၇ ဇူလိုင်တုန်းက ချမှတ်ပြဌာန်းလိုက်တဲ့ စီးပွားရေး မူဝါဒအချို့နဲ့လည်း ပတ်သတ်နေပါတယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လည်း ကြည့်လို့ မြင်လို့ရပါတယ်။ ချုပ်ပြောရရင် အလုပ်အကိုင်ဖန်တီးရေးနှင့် ဘေးကင်းတဲ့ စားနပ်ရိက္ခာဖူလုံပြီး ပို့ကုန်မြှင့်တင်နိုင်ဖို့တွေပဲဖြစ်ပါတယ်။

စျေးကွက်ချိတ်ဆက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးမြင့်လာခြင်း ဆိုတဲ့ မဟာဗျူဟာရလဒ် ရလာဖို့ ဘာတွေ လုပ်ဖို့လိုသလဲ။ ဘယ်လိုအကောင်အထည်ဖော်မှာလဲ။ ဘယ်သူက ဦးဆောင်တာဝန်ယူမှာလဲ။ လိုအပ်တဲ့ resource တွေကို ဘယ်ကရမှာလဲ။ အခုဖြစ်ပေါ်နေတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ စျေးကွက်ချိတ်ဆက်မှုဆိုတဲ့ ကိစ္စနဲ့ပြောရမယ်ဆိုရင်  ကိုယ့်နိုင်ငံက စိုက်ပျိုးရေး ထုတ်ကုန် အများစုက ဘယ်ကိုရောင်းနေသလဲ၊ ဘာကြောင့် ရောင်းနေသလဲ၊ အရည်အသွေးက ဘယ်လို အနေအထားမျိုးကိုရောင်းနေတာလဲ၊ စျေးကွက် အခြေအနေကဘယ်လိုလဲ ဆန်းစစ်ဖို့ လိုပါတယ်။

ဒါတွေကို ဆောင်ရွက်ဖို့ဆိုတာ အစိုးရက ဦးဆောင်ရမှာပဲ ဖြစ်ပါတယ်။ Setting direction - စီးပွားရေး လုပ်ငန်းဆောင်ရွက်သူ ပုဂ္ဂလိက ကဏ္ဍများ၊ တောင်သူများဆိုတာ ကိုယ်လုပ်ဆောင်နေတဲ့ လုပ်ငန်း တခု နယ်ပယ် တခုကိုပဲမြင်တတ်ကြတာများပါတယ်။ ဒီလိုဆိုတော့ big picture ကိုမြင်ဖို့၊ ရလဒ်တွေကို ဖော်ဆောင်ပေးဖို့ (delivering results) ဖြစ်ဖို့ setting direction လုပ်နေတာ၊ ဘယ်လို အကောင်အထည်ဖော်မယ်ဆိုပြီး လုပ်နေတာတွေက မှန်ကန်ရဲ့လား ဆိုတာ ပါဝင်ပတ်သတ်သူ (Stakeholder) များနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဆိုတော့ကာ သက်ဆိုင်သည့်ဌာနများ ဆိုတာလည်း ဖော်ပြထားတာတွေ့ရပါတယ်။ ဌာန တခုချင်းဆီ အလိုက် ဘယ်လိုတွေ လုပ်ဆောင် အကောင်အထည်ဖော်နေသလဲ၊ ဘယ်လို ပူးပေါင်း ညှိနှိုင်းဆောင်ရွက်နေသလဲ၊ ဘတ်ဂျက်ခွဲဝေချထားမှု က ဒါကိုရည်ရွယ်ထားသလား။

အချုပ်ပြောရရင်တော့ အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိက ဦးဆောင်သည့် ဖွံ့ဖြိုးရေးဆိုတဲ့ ရလဒ်ကို ရဖို့ ဘာတွေ ပြောင်းလဲဆောင်ရွက်ရမလဲ။ ပြောင်းလဲဖို့အတွက် ကဏ္ဍတခုဆီအလိုက် ဆာဗာက ဘာတွေဖြစ်မလဲ၊ ဒီဆာဗာက ပြောင်းလဲ ချင်သူတွေ၊ ပြောင်းလဲဖို့ အားထုတ်သူတွေ အမှန်တကယ် ပြောင်းလဲနိုင်ဖို့၊ ယုံယုံကြည်ကြည် လိုက်ပါဆောင်ရွက်နိုင်အောင် ဘာတွေပါဝင်ရမလဲ။

ပါဝင်ပတ်သတ်သူတွေအားလုံး ကြိုးစားအားထုတ်မှုများ ဖတ်ရ ကြားရပါတယ်။ ပိုမိုတိုးတက်အောင်မြင်ကြပါစေလို့လည်း ဆုတောင်းပါတယ်။

21 May 2017

ဘဏ်ငွေစက္ကူ အတုတွေ နဲ့ ကိုယ်တို့နိုင်ငံ


ဒီနှစ် ဧပြီလအကုန်မှာ ကမ်ဘောဇဘဏ်မှာ ပြဿနာတက်လို့ ဘဏ်ကနေ ငွေတွေထုတ်ကြတယ်
ဖြစ်တယ်။ တယောက်တစနဲ့ ဘဏ်ပဲ ပြိုတော့မလိုဖြစ်လိုက်တယ်။ မဟုတ်ပါဘူး ဝိုင်းရှင်းကြတယ်။ ခုနေ စီးပွားရေး မကောင်းချိန် ပြဿနာ အကြီးအကျယ်တွေ တက်သွားနိုင်တယ် မဟုတ်လား။ ဒီမီနိုအဖက် ဆိုတာနဲ့ ဖြစ်လို့ကတော့ ကိုယ်တို့တွေလည်း နလန်ထူတော့မှာမဟုတ်။ ဒါနဲ့ ဘဏ်ကလည်း လူမှုရေး လုပ်ငန်းတွေအတွက်ကို အလှူတွေ လုပ်ပြတယ်။ အစိုးရပိုင် သတင်းစာက ဆောင်းပါကဏ္ဍမှာတောင် မသိမသာလေး ထည့်ပေးတယ်။ (လူမှုကာကွယ်ရေး အဆောက်အအုံတွေနဲ့ ပတ်သတ်လို့ ဆောင်းပါးမှာ ဒေါ်သန်းမြင့်အောင်နဲ့ ကမ်ဘောဇ ဒုဥက္ကဌ အမျိုးသမီးနဲ့ အတူ လူအိုရုံမှာ လှူနေပုံလေး ထည့်ထားပေးတာပါ.. မေလ ၇ ရက်ဝန်းကျင်ကမှတ်တယ်။)

နောက်တော့ မကြာဘူး။။။

ကမ်ဘောဇဘဏ်က ဝန်ထမ်းတယောက်က ငါးထောင်တန် အတုလုပ်တာမိတယ်ဆိုပြီးဖြစ်တယ်။ ဘဏ် ကလည်း ဘဏ်နဲ့မဆိုင်ကြောင်း၊ တစ်ဦးတစ်ယောက်၏ လုပ်ဆောင်ချက်သာ ဖြစ်ကြောင်းဆိုပြီး ဖြစ် တယ်။ ဒါနဲ့ပဲ သုံးလေးရက်နေတော့ လူတွေကမေ့သွားကြတယ်။ သတင်းတွေက ဖြစ်ပျက်တာ မြန်လွန်း နေတာကို။

 ကိုယ်ကတော့ အမှတ်မထင်ဆက်တွေးမိတယ်။ ဒီနေ့ပဲ တရုတ်နယ်စပ်မှာ ပိုက်ဆံတုတွေ မိတယ်ဆိုပြီး။ နောက်စမ်းချောင်းဖက်မှာ ပိုက်ဆံတစ်သောင်းတန်အတုတွေ တွေ့တယ်ဆိုပြီး။ အဲ့ဒီတော့ ဘဏ်တွေမှာ လည်း အတုတွေ့ရင် တစ်ခါတည်း ဖောက်စက်နဲ့ ဖောက်ပလိုက်တယ်လို့ဆိုတယ်။

ဆင့်ကဲ ဆင့်ကဲ ဖြစ်လာတဲ့ အပေါ်လူတွေကလည်း တဖြည်းဖြည်းစိုးရိမ်လာကြတယ်။ တနေ့ တစ်သောင်း ရဖို့ ငါးထောင်ရဖို့ဆိုတာ လွယ်တာမှတ်လို့။ အဖောက်ခံရ၊ အတုဆိုပြီး ကိုယ့်လက်ထဲပြဿနာဖြစ်ရင် ဘယ်လို လုပ်မလဲတွေးမိလာမှာပဲ။

တော်ကြာ တရားမဝင်ကြေငြာရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒီတော့ ခင်ဗျားဆို ဘာလုပ်မလဲ။ တတ်နိုင်သမျှ မထုတ်ပဲ စုထားတော့မှာပဲ။ တော်ကြာ မတော်တဆ လက်ထဲထားလို့ တခုခုဖြစ် ဘယ်နှယ့်နေမတုန်း တွေးမိမှာပဲ။

ဘဏ်မှာပဲ ပြန်စုထားတော့ ဘဏ်တွေက အေးဆေးပဲပေါ့။ ကိုယ်တွေ စုတဲ့ ပိုက်ဆံလေးတွေ အချင်းချင်း လှည့်ပတ်ချေးပြီး စီးပွားလုပ်နေကြတာ။ ပြည်သူတွေကိုတော့ ချေးရခက်အောင် လုပ်ထားကြတာ။ တော်ကြ တတ်ကြပါပေ့တော်တို့ရယ်။

07 June 2016

လယ်သမားတွေက ဘာလို့ ကြွေးတင်ကြသလဲ

၂၀၁၆ခုနှစ် အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲဝင်စဉ်ကကြေငြာထားတဲ့ ပါတီ မူဝါဒအတိုင်း ဝန်ကြီးဌာနအချို့ကိုပေါင်းစည်းမှုကို ပြုလုပ်ခဲ့ပါတယ်။ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာတို့ကို တစ်ခုအဖြစ်ပဲ ပေါင်းစည်းခဲ့ပါတယ်။ ဝန်ကြီးကတော့ တက္ကသိုလ် ပါချုပ်ဟောင်းဖြစ်သူ ဦးအောင်သူ ဖြစ်ပြီးတော့၊ တစ်လခွဲခန့်အကြာမှာ ဒုဝန်ကြီးအဖြစ် ဒေါက်တာထွန်းဝင်းကို ခန့်အပ်ခဲ့ပါတယ်။

 မြန်မာ့နိုင်ငံရေးပြက္ခဒိန်အရ၊ မတ်လမှအစိုးရသစ်ကစတင်တာဝန်ယူရပြီး ဧပြီလဟာသင်္ကြန်ဖြစ်ပြီးတော့ မေလမှာတော့ နိုင်ငံ့လူဦးရေ၏ ၆၆% က မှီခိုနေထိုင်စားသောက်နေတဲ့ လယ်ယာစိုက် ပျိုးရေး လုပ်ငန်း ရာသီပြန်လည်စတင်ဖို့ အစပျိုးချိန်ဖြစ်ပါတယ်။

ယခုလည်း လယ်သမားများအတွက် အမတော်ကြေးတိုးမြှင့်ပေးဖို့ကိစ္စကို ဆွေးနွေးကြပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း စပါး၊ အခြားသီးနှံ၊ စက်မှု သီးနှံ အမျိုးမျိုးခွဲခြားပြီး မူဝါဒအလိုက် တိုးမြှင့် ပေးခဲ့ တာကို တွေ့ရှိခဲ့ရပါတယ်။

အမတော်ကြေးကို တိုးမြှင့်ပေးမယ့်အကြောင်း လွှတ်တော်မှာ အဆိုပြုဆွေးနွေးကြပါတယ်။ (..................) ။

တိုးမြှင့်ချေးမယ်ဆိုမယ်ရင် ဘယ်လောက်ကုန်မယ်၊ ဘယ်လို ငွေကိုစုဆောင်းရှာဖွေရမလဲ၊ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနေမလဲ စသဖြင့် ဆွေးနွေးကြပါတယ်။ အဲ့ဒီမှာပဲ အတော်လှုပ်ခတ်သွားတဲ့ သတင်းတစ်ခုဖြစ်လာပါတယ်။ ဝန်ကြီး အသစ်ဖြစ်သူ ဦးအောင်သူ က လယ်သမားတွေက ပျင်းတယ် အလုပ်မကြိုးစားဘူး၊ ကြွေးပဲယူချင်ကြတယ်ဆိုပြီး ပြောတယ်ဆိုပြီး ဖြစ်လာပါတယ်။ တကယ်ပဲ ပြောခဲ့လေသလား၊ သတင်း ဖြစ်အောင် လုပ်ခံရသလားတော့ မသိပါဘူး။

ဒါပေမယ့် မြန်မာ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍဟာ နိုင်ငံ့ရဲ့ သုံးပုံနှစ်ပုံ လူဦးရေ မှီခိုနေသည်ဆိုသော်လည်းပဲ လွန်ခဲ့သော နှစ် ၅၀ ကျော် ၁၀၀ ကျော် က အခြေအနေ နဲ့ ကွာခြားလာပါရဲ့လား။ အခြေခံ လူတန်းစားဖြစ်တဲ့ လယ်သမားတွေ ကို ကျေးဇူးရှင်တွေဆိုပြီး တကယ် ကျေးဇူးတင်ခံရပြီး ကျေးဇူးဆပ်ခံရပါရဲ့လား။ စသဖြင့်တွေးမိရင်းနဲ့ပဲ လွန်ခဲ့သော သုံးနှစ်ခန့်က ဖတ်ဖြစ်ခဲ့တဲ့ မောင်ထင်ရဲ့စာအုပ်ကို ပြန်သတိရမိပြီး ရှာဖတ်ဖို့ကြိုးစားတယ်။ ကြွေးတင်ရခြင်း အကြောင်းရင်းလေး က အခု ခေတ်နဲ့ ကွာခြားနေပြီလား၊ တူတူပဲရှိနေတုန်းလား အရင်သိချင်သွားမိတယ်။

ယခုကောက်နှုတ်ချက်ကတော့ ၁၉၂၅ ခုက လုပ်ခဲ့တာပါတဲ့။ 

"ဦးတင်ကြီး၏ စုံစမ်းချက်အရ မအူပင်ခရိုင်၌ တစ်အိမ်ထောင်လျှင် အနည်းဆုံး ၁၈၂ကျပ် နှင့် အများဆုံး ၅၂၈ကျပ် ကြွေးတင်လျက်ရှိသည်ကိုတွေ့ရသည်။ ကြွေးတင်ခြင်း၏ အကြောင်းရင်းကို ဦးတင်ကြီးက ဆက်လက်စုံစမ်းပြန်သော် အောက်ပါအတိုင်းတွေ့ရပြန်သည်။

 ၁။       လယ်ဝယ်ခြင်း၊ လယ်ပေါင်ကို ပြန်လည်ရွေးခြင်းတို့ကြောင့် ကြွေးတင်သူ ၁၉%

၂။       လယ်ကိုပြုပြင်ခြင်းကြောင့်ကြွေးတင်သူ ၂%

၃။       ကျွဲနွားဝယ်ရခြင်းကြောင့် ကြွေးတင်သူ ၂%

၄။       လယ်အတွက် အရင်းဝင်၍ အကြွေးတင်သူ ၄%

၅။       အခြား ကုန်ရောင်းကုန်ဝယ်ကိစ္စအတွက် အရင်းဝင်၍ ကြွေးတင်သူ ၃%

၆။       အလှူအတန်းကြောင့်ကြွေးတင်သူ ၁%

၇။       လယ်ယာစိုက်ပျိုးရေး၊ အလုပ်ပျက်ပြား၍ ကြွေးတင်သူ ၁၉%

၈။     ဖျားနာ၍ တရားတပေါင်တွေ့ရ၍ အခြားကုသိုလ်ကံ အခြေမလှသော အကြောင်းတို့ကြောင့် ကြွေးတင်            သူ ၂%

၉။       မဆပ်နိုင်သော ကြွေးမြီအပေါ်တွင် အတိုးပေးရ၍ ကြွေးတင်သူ ၂%

၁၀။     အခြားအမျိုးအမည် မခွဲခြားနိုင်သော အကြောင်းတို့ကြောင့် ကြွေးတင်သူ ၃၆%"

          မြန်မာ့ လယ်ယာမြေစနစ်၊ မောင်ထင် 

         အခုခေတ်မှာလည်း ကြွေးတင်ဆဲပါပဲ၊ ဘာအကြောင်း ကြောင့်တွေများပါလာလိမ့်နော်။ 


22 April 2016

ငါးလေးတစ်ကောင်ဖမ်းမိတယ်နဲ့ ရောက်တတ်ရာရာများ - ၁

မင်းလူရဲ့ပရိတ်သတ်တွေက မင်းလူပေါင်းချုပ်ထွက်လာတော့ သူ့အကြောင်း၊ သူ့စာတွေအကြောင်း ပြောကြ လွမ်းကြ ရေးကြတာတွေ Facebook ပေါ်မှာ မြင်ရဖတ်ရတယ်။ တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖတ်ခဲ့ရတဲ့ သူ့စာတွေကိုလည်း သတိတရရှိမိတယ်။ အကြောင်း တိုက်ဆိုင်တိုင်းလည်း ခဏခဏ ပြန်သတိရမိတဲ့ သူဝတ္ထုတိုတွေကတော့ "ငါးကလေးတစ်ကောင်ဖမ်းမိတယ်" "ဖူးစာရှင်ကိုရွေးတော့မည်" "ခြေစစ်ပွဲများ" စသဖြင့်ပေါ့လေ။

အဲ့ဒီအထဲကမှ ငါးကလေးတစ်ကောင်ဖမ်းမိတယ် လေးနဲ့ပတ်သတ်တာလေးပြောချင်တာ။

၂၀၀၈ ခုနှစ် နာဂစ်တိုက်အပြီးမှာ ကျမလည်း စေတနာ့ဝန်ထမ်း လုပ်ရင်းနဲ့က အဖွဲ့အစည်းတစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်တယ်။ ရုံးကတော့ ဖျာပုံမှာပဲထိုင်ရတာပေါ့။ နာဂစ်အပြီးကာလကတော့ ဝေခြမ်းရေး တွေ၊ အရေးပေါ်လိုအပ်နေတဲ့ နေ့စဉ်သုံးမရှိမဖြစ်တွေ ခွဲဝေပေးတာတွေလုပ်ကြတယ်။ နည်းနည်းလေး ကြာလာတဲ့အခါမှာတော့ စျေးကွက်ထဲမှာ ငွေလည်လာအောင်လို့ ရေကန်ဖော်လုပ်ငန်း၊ ကျေးရွာချင်း ဆက်လမ်းတွေ ဖောက်ခြင်းများလုပ်ကြရတယ်။ အဲ့ဒီမှာ ရွာသားတွေကို အလုပ်ခိုင်း၊ နေ့တွက်လုပ်ခ ရှင်းပေးတာမျိုးတွေပေါ့။ နောက်တော့ ဆက်တိုက်လုပ်လာတာက အသက်မွေးဝမ်းကြောင်း လုပ်ငန်း များအတွက် လိုအပ်သော ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းများဖြစ်ပါတယ်။ ငါးဖမ်းလှေအသေး၊ လယ်လုပ်သူများအတွက် မြေသြဇာ၊ မျိုးစပါး၊ အိမ်လုပ်ငန်းများအတွက် အပ်ချုပ်စက် စသဖြင့်ပေါ့လေ။ အဲ့ဒီလိုလုပ်တဲ့အခါမှာ ကျမအလုပ်လုပ်တဲ့ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းက နိုင်ငံတကာအဖွဲ့အစည်း မှာ လုပ်ငန်းစီမံချက်တင်ပြီးရတာကို လုပ်ကြတာပေါ့။ အဲ့ဒီမှာ လုပ်နေရင်းနဲ့ တရက်မှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတခုကဆက်သွယ်လာတယ်။ သူတို့ဆီမှာ ငါးလုပ်ငန်း အသေးစားလုပ်ကိုင်နေသူတွေအတွက် ပစ္စည်းတွေ ထောက်ပံ့ဖို့ရှိတယ်။ အကုန်ရှိနေပြီ ပစ္စည်းတွေ၊ ဝေခြမ်းရေးကို လုပ်ပေးနိုင်မလားဆိုပြီး ဆက်သွယ်လာတယ်။ ဝေခြမ်းပေးခပွဲစားခရတာပေါ့ ကိုယ့်အဖွဲ့အစည်းကတော့။ အသေးစားငါးလုပ်ငန်း လုပ်ကိုင်နေတဲ့အိမ်ထောင်စုတွေ၊ ဘယ်လိုဧရိယာတွေမှာနေထိုင်ကြတယ်၊ လူဦးရေအချိုးအစားဘယ်လို ရှိတယ်၊ ဝင်ငွေအခြေအနေဘယ်ရွေ့ဘယ်မျှရှိတယ်ဆိုတဲ့ အချက်အလက်တွေစုဆောင်း၊ အလိုအပ်ဆုံးလူ ကို ဘယ်လိုရွေးမယ်ဆိုတဲ့နည်းနာတွေ ဆွေးနွေးညှိနှိုင်းတိုင်ပင်တာတွေ လုပ်ကြတာပေါ့။

တကယ်လုပ်မယ်ဆိုတဲ့အချိန်ရောက်တော့ ထောက်ပံ့ပေးမယ်ဆိုတဲ့အဖွဲ့ရဲ့ ပို့ပေးလာတဲ့ ကိရိယာအစုံဘူးများကအလျှံအပယ်ဖြစ်တဲ့အပြင် ပြောလာတာက ဘယ်လိုပဲပေးပေးရတယ်၊ ကုန်သွားဖို့ရယ်၊ လက်ခံရရှိ ကြောင်းလေးတွေရယ် လုပ်ပေးဖို့ပဲလို့ဆိုလာတယ်။ ကိုယ်တွေကတော့ အဖွဲ့အစည်းရဲ့လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆောင်ရွက်ကြပါတယ်။ ဧရိယာအတော်များများကိုလည်း ရှိနေပြီးသား လုပ်ငန်းစီမံချက်တွေ အရ ရောက်နေပြီးသားဖြစ်လေတော့ အချက်အလက်ရှိနေတဲ့အပေါ်မှာ အခြေခံပြီး ဝေခြမ်းရေးအတွက် လုပ်ကြပါတယ်။ ဒီလိုနဲ့ပစ္စည်းတွေရောက်လာတော့ ဝေခြမ်းရေးစတင်ပါတော့တယ်။

တစ်ရက်မှာတော့ ရွာတစ်ရွာက ပစ္စည်းလာထုတ်ပါတယ်။ လာထုတ်ချိန်မှာ ဘူးတစ်ဘူးကို ဖွင့်ကြည်တော့ ရွာသားက “စုံလိုက်တာဗျာ… ဘာငါးမှ ကျန်မှာမဟုတ်ဘူး..”ဆိုပြီးပြောပါတယ်။ ငါးမျှားချိတ်လေးတွေ ဆိုဒ်စုံပါဝင်တာပါ။ သူတို့ဖမ်းတဲ့နည်းနဲ့ ဒီလိုကိရိယာတွေကို လူအတော်များများ သုံးနိုင်နေပြီဆိုရင် ကုန်မှာပဲဆိုပြီးပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနကတော့ ငါးသားပေါက်ချိန် ဘယ်ချိန်မှာမဖမ်းရဘူး၊ ဘယ်ပိုက်နဲ့ ဖမ်းရမယ်စသဖြင့်တော့ စည်းကမ်းချက်တွေထုတ်ထားပါတယ်။ ဆိုလိုချင်ကတော့ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေက ဒေသအခြေအနေတွေ၊ အနေအထားတွေ ကို သေချာစူးစမ်းလေ့လာ၊ တွေ့ဆုံတိုင်ပင်ပြီးမှသာ လုပ်သင့်ပါတယ်။

အဲ့လိုမှမဟုတ်ရင် မင်းလူရဲ့ “ငါးလေးတစ်ကောင် ဖမ်းမိတယ်” ဝတ္ထုထဲကလိုဖြစ်သွားနိုင်ကြောင်းပါ။ ဝတ္ထုကတော့ ငါးတွေရှားပါးလာလို့ ငါးဖမ်းပွဲကျင်းပပြီး အသိပညာပေးတာတွေလုပ်ရတယ်။ ငါးဖမ်းတာကို တကယ့်ကို အဆင့်မြင့်နည်းပညာတွေသုံးပြီး ငါးတစ်ကောင်ကိုဖမ်းကြတယ်။ မိသွားတဲ့သူက သုံးနှစ်ဆက်တိုက် သူပဲမိတာ။ ဒိုင်းဆုက သူရတာပေါ့။ TV ကနေ Live လွှင့်နေပြီး သူ့သင်္ဘောပေါ်ကို ရဟတ်ယာဉ်ပေါ်ကနေ ရိုက်ပြ။ အဲ့ဒီအချိန်မှာပဲ အိမ်က သားနဲ့ မိန်းမကလည်း လှမ်းပြီး ဂုဏ်ပြုတာပေါ့။ တစ်လက်စတည်းမှာပဲ ကလေးကမေးတယ်။ ဖေဖေ အဲ့ဒီဖမ်းမိတဲ့ငါးကို အိမ်ယူလာလို့ရလားတဲ့။ သား စားဖူးကြည့်ချင်လို့တဲ့….။





05 January 2016

ပျင်းလွန်းလို့....



လုပ်နေကျ အလုပ်ကို..... ခဏလေး နားလိုက်တော့

ဟုတ်သလိုလိုနဲ့....  တကယ်တော့ မဟုတ်ဘူး..။

ပျင်းလိုက်တာ....မှ

ပျင်းတာကို ပျင်းတယ်ပြောရမှာတောင် ပျင်းတယ်ဆိုသလိုပဲ...

ဒီလိုနဲ့ပဲ အတွေးက ဆက်သွားလိုက်တာ....

ဘာလုပ်ချင် ညာလုပ်ချင်ဆိုတဲ့ ဘဝရည်မှန်းချက်ကြီးတွေကို ရောက်သွားရော...။

အဲ့တာနဲ့ ညီမဝမ်းကွဲလေး ငယ်ငယ်ကပြောတာ သတိရမိပြီး ပြုံးမိတယ်။

သူတို့မောင်နှမနှစ်ယောက်.. ဇော်ဇော်အောင်က အကြီး.. ပပ က အငယ်မ။

ဇော်ဇော် ကြီးလာရင် ဘာလုပ်မလဲ ဆိုပြီး အဖေ က ကိုယ်တွေ့ရှေ့မှ မေးပြတယ်။

ကလေးက ဆရာဝန် အင်ဂျင်နီယာ စသဖြင့်ပြောတာပေါ့....။

အဲ့တာနဲ့ ကိုယ်က ပပ.. သမီး ကရောဆိုတော့...

ဘာမှ မလုပ်ဘူးတဲ့...။ ကိုယ်ကလည်း အံ့သြသွားတယ်..။ မိုက်လှချည်လားပေါ့..

ဒါနဲ့ ဆက်မေးတယ်... ဒါဆို ကြီးလာရင် ဘယ်လိုလုပ် ထမင်းစားမလဲဆိုတော့..

ကိုကို က အလုပ် လုပ်လိမ့်မယ်တဲ့.. ကိုကို ကျွေးလိမ့်မယ်တဲ့...

ကောင်းရော။

31 January 2014

မမေ့နိုင်စရာ ဥရောပနဲ့ ကြိုးနီ စနစ်လျော့ချမှု လေ့လာရေး

၂၀၁၃ ခုနှစ် နိုဝင်ဘာလ မှာ အလုပ်က တာဝန်ပေးချက်အရ ဥရောပ နှင့် အင်္ဂလန် သို့ နှစ်ပတ်တာ ခရီးထွက်ခဲ့ရတယ်။ ဆရာ သွားရမယ့် ခရီးစဉ်မှာ ဆရာက အရေးပေါ်ကိစ္စပေါ်လာတာနဲ့ ကိုယ်က ပါသွားရတယ်။ သာမန် နိုင်ငံကူးလက်မှတ် (အနီ) ကိုင်ဆောင်ထားတဲ့ ကိုယ်နဲ့ အပြာရောင် သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ သုံးဦး အတွက် ဗီဇာ လိုက်လျှောက်ရပါတော့တယ်။ တသက် မမေ့နိုင်စရာ စိတ်ဖိစီးမှုများတဲ့ ရက်သတ္တပတ်ပါပဲ။

23 September 2013

စက်တင်ဘာ ၂၀၁၃

စက်တင်ဘာ က  
နာကျင်စရာတွေ ကို
ယူပေးတယ် လို့ ကိုယ်ကပြောတော့....
မဟုတ်ရပါဘူးတဲ့...။
တကယ်တော့ 
သြဂုတ်က လက်ဆင့်ကမ်းလိုက်တာတဲ့...။
ဘာပဲပြောပြော ကိုယ်နာကျင်နေရပါတယ်...။
အချစ်ဆုံး က ဒီတနှစ်လုံး
အပြောအများဆုံး စကားလုံးက...
တကယ်ချစ်တာလား မင်းပြန်စဉ်းစားတဲ့။
တကယ် ချစ်တာလား ဆိုတာ
မေးတိုင်းဖြေနေရမယ့် မေးခွန်းလားကွယ်
အဖြေမရှိခဲ့ပါဘူး......
ဒီမေးခွန်းကို မေးရလောက်အောင်
ဖြစ်ခဲ့တယ်ဆိုရင် ကိုယ် မင်းကို မချစ်ခဲ့ဘူးလို့ပဲ
မှတ်ထားလိုက်ရအောင်.....
ဒါဆို မင်း ကျေနပ်မှာလား။