၂၀၁၂ ရှေ့ပိုင်းတုန်းက တယ်လီဖုန်းတလုံး ပိုင်နိုင်ဖို့ဆိုတာ လူငယ်အားလုံးလိုလိုရဲ့ လိုလားချက်တွေ ဖြစ်ခဲ့တယ်။ နောက်တော့ နိုင်ငံခြားသွားလာဖူးတဲ့သူတွေ ပညာ သွားသင်ကြားခဲ့ဖူးတဲ့ သူတွေအဖို့ မိုဘိုင်းဖုန်းနဲ့ အင်တာနက် ရဲ့ အသုံးဝင်မှု အားသာချက်တွေကို သိရှိ နားလည်ခဲ့ကြတယ်။ မြန်မာပြည် ပြန်လာပြီးနောက် ဆက်သွယ်ရခက်ခဲ၊ လိုချင်တဲ့ သတင်းအချက် အလက် အလွယ်တကူ မရတဲ့ အပေါ် အားမလို အားမရ ဖြစ်ခဲ့ကြတယ်။
အပြောင်းအလဲကို လွန်စွာ မျှော်လင့်တောင်းတ နေတဲ့ကျမတို့အဖို့ အပြောင်းအလဲက တကယ်ပဲရောက်ရှိခဲ့တယ်။ တယ်လီဖုန်း စျေးကွက်ကို နိုင်ငံပိုင် စီးပွားရေး တခုအနေနဲ့ ထိန်းချုပ်ခဲ့့တာကနေ ဖွင့်ပေးလိုက်တယ်။ အဲ့ဒီလို အခြေအနေ ကနေ တဖြေးဖြေး ကျမတို့ သုံးစွဲလာနိုင်တဲ့ အဆင့်ကိုရောက်လာကြပါတယ်။ ဆက်သွယ်ရတာ တွေ လွယ်ကူလာတယ်။ လက်လှမ်းမီနိုင်တာ တွေကို အင်တာနက်ကနေတဆင့် သင်ယူလာနိုင်ကြတယ်။ တယ်လီဖုန်းဆက်နိုင်တာကနေ တယ်လီဖုန်း အင်တာနက်ကို ရလာကြတယ်။ ပိုမြန် ပိုကောင်းတာ ကို သုံးစွဲဖို့တောင်းတ လာကြတယ်။ ဒီကနေ တဆင့်တက် သူများတွေလိုဘဲ စျေးနှုန်းသက်သာတဲ့ မြန်နှုန်းမြင့် တဲ့ အင်တာနက်ကို မျှော်လင့်ကြတယ်။ တိုတိုပြောရရင်တော့ ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေပေါ့။ တဖြည်းဖြည်းတော့ရရှိလာကြပါတယ်။ အော်ပရေတာတွေများလာတဲ့ နဲ့ အမျှ ပြိုင်ဆိုင်မှုတွေရှိလာသကိုး။
ဒီလိုနဲ့ တနေ့တော့ ကျမ ဖုန်းထဲကြော်ငြာ သတင်းစကားတခု ဝင်လာတယ်။ ၂၀၁၅ ကနေ ခုထိ ရေပန်းစားနေဆဲ စကားဖြစ်တဲ့ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ စကားလေး အစချီလို့ပေါ့။ သင့်ဖုန်းကို ပြောင်းလဲဖို့လိုပြီ။ ပိုကောင်းတဲ့ 4G အင်တာနက်သုံးစွဲနိုင်ဖို့ သင့် ဆင်းမ်ကဒ်ကို အဆင့်မြင့်လိုက်ပါတဲ့။ နီးစပ်ရာ ဆိုင်တွေကို သွားပါတဲ့။ ကိုယ် အင်တာသုံးတာကို အခြေခံလို့ အနီးဆုံးနေရာလေးတွေကိုတောင် အကြံပြုသေးတယ်။ ကျမလည်း ပိုကောင်းတဲ့ အင်တာနက် သုံးချင်ပေမယ့် အလုပ်များနေတာ နဲ့ မလှည့်နိုင်ဘူး။ အားတဲ့ အချိန် ကိုယ်သွားမယ် လုပ်တော့ ဆိုင်က မဖွင့်နဲ့။
တနေ့တော့ ကိုယ်ကလည်းအား ဆိုင်ကလည်း ဖွင့် ဖုန်းကလည်း လက်ထဲပါလာဆိုတဲ့ အကြောင်းအားလုံးတိုက်ဆိုင်တာနဲ့ 4G ပြောင်းချင်တယ်လို့ ဆိုင်ကိုသွားတယ်။ပြောင်းလို့ရလားဆိုတော့ ရတော့ ရတယ်။ ဒါပေမယ့် ခု ဆာဗာ ကျ နေတယ်တဲ့။ ဘယ်တော့ ပြန်ရမလဲဆိုတော့ မသိသေးဘူးတဲ့။ ဒါနဲ့ နောက်တခါ လေဆိပ်က ဆိုင်မှာ တခါ ကြုံတော့ ဆာဗာ ကျနေပြန်သတဲ့။ နောက်တခါလည်း သွား။ ဆာဗာကျနေတုန်း။
စိတ်ထဲမှာ စတွေးမိတယ်။ ပြောင်းလဲချင်တဲ့ စိတ်လည်းရှိတယ် ပြောင်းဖို့လည်း ကြိုးစားအားထုတ်တယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့ ကားစီး ပြီး သွားတယ်။ သို့သော်လည်း အရေးကြီးဆုံးဖြစ်တဲ့ ဆာဗာ က လက်မခံနိုင်တော့ ဘာမှ လုပ်မရဖြစ်ရော။
ဒါကို ကျမ တို့ ခု မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီ သို့ပြောင်းလဲရေး ဖြစ်စဉ်နဲ့ ဆက်စပ် စဉ်းစားမိပါတယ်။ ကျမတို့ အောင်အောင်မြင်မြင် ပြောင်းလဲဖို့ အတွက် လိုအပ်တဲ့ ဆာဗာက ဘာလဲ။ အပြောင်းအလဲကို လက်ခံဖို့ အတူတူလိုက်ပါ ပြောင်းလဲဖို့ အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ဖို့ ဘာတွေ ပြင်ဆင်ထားဖို့လိုလဲ resource က ဘာတွေလိုတာလဲ။ ဦးစားပေး လုပ်ငန်းစဉ်တွေက ဘာတွေလဲ။ ဘယ်သူတွေက ဘယ်လို တာဝန်ယူဆောင်ရွက်မလဲ စသဖြင့် စဉ်းစားမိပါတယ်။ အမြဲမဖြစ်မနေ စပြီး စဉ်းစားရမှာက နိုင်ငံတော်ရဲ့ မူဝါဒတွေက ဘာတွေလဲ။ ခုဆိုရင် ၂၀၁၈ ခုနှစ် စက်တင်ဘာလက အတည်ပြုပြဌာန်းလိုက်တဲ့ မြန်မာနိုင်ငံရဲ့ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) ဆိုတာ ရှိပါတယ်။ ဒီစီမံကိန်းဟာ အမိမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လို ရည်ရွယ်ပြီး ဘာတွေကို ဆောင်ရွက်မယ် ဆိုတာတွေကို ဖော်ပြထားတာ ဖြစ်ပြီး နိုင်ငံရဲ့ ဖွံ့ဖြိုးမှု လိုအပ်ချက်တွေနဲ့ ကမ္ဘာ့အဆင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များနဲ့ ချိတ်ဆက်ထားတယ်လို့ဆိုပါတယ်။ ငြိမ်းချမ်း၍ သာယာဝပြောသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်စေမည့် ကာလရှည် မျှော်မှန်းချက်ဖြစ်သည်နှင့် အညီ ငြိမ်းချမ်းစေနိုင်သော နိုင်ငံသားများ သာယာဝပြောစေရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်စေရေး ပန်းတိုင်သို့ရောက်ရှိရန် မည်သည်များကို မည်သူက လုပ်ဆောင်မည်ဟု ချမှတ်ထားခြင်းဖြစ်သည်။ ထိုအချက်များထဲမှ ယခု လောလောဆယ် ဖြစ်ပေါ်နေသော နိုင်ငံခြားသို့ တင်ပို့ရောင်းချသည့် မြန်မာ့စိုက်ပျိုးရေး ထွက်ကုန်များနှင့် ပတ်သတ်သော အချက်များထဲမှ တစ်ချက်က်ို ဆွေးနွေးတင်ပြလိုပါတယ်။ ခေါင်းစဉ် နှင့် ပြန်ကိုက်ရရင် သာယာဝပြောသော နိုင်ငံဖြစ်ဖို့ အတူတူပြောင်းလဲကြချိန် မှာ လိုအပ်တဲ့ ဆာဗာများထဲမှ အပိုင်းလေး တစ်ခုအကြောင်းပဲဖြစ်ပါတယ်။
မဏ္ဍိုင် (၂) သာယာဝပြောမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အောက်မှာရှိတဲ့ ပန်းတိုင် (၃) က အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိက ဦးဆောင်သည့် ဖွံ့ဖြိုးရေး ဖြစ်ပြီး အဲ့ဒီအောက်မှာ ထပ်ပြီး ဘာတွေ လုပ်မယ် ဆိုတဲ့ လုပ်ငန်းစဉ်တွေနဲ့ မဟာဗျူဟာရလဒ်တွေလည်း ဖော်ပြထားပါတယ်။ ဒါတွေဟာ နိုင်ငံတော်က ၂၀၁၇ ဇူလိုင်တုန်းက ချမှတ်ပြဌာန်းလိုက်တဲ့ စီးပွားရေး မူဝါဒအချို့နဲ့လည်း ပတ်သတ်နေပါတယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လည်း ကြည့်လို့ မြင်လို့ရပါတယ်။ ချုပ်ပြောရရင် အလုပ်အကိုင်ဖန်တီးရေးနှင့် ဘေးကင်းတဲ့ စားနပ်ရိက္ခာဖူလုံပြီး ပို့ကုန်မြှင့်တင်နိုင်ဖို့တွေပဲဖြစ်ပါတယ်။
စျေးကွက်ချိတ်ဆက်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးမြင့်လာခြင်း ဆိုတဲ့ မဟာဗျူဟာရလဒ် ရလာဖို့ ဘာတွေ လုပ်ဖို့လိုသလဲ။ ဘယ်လိုအကောင်အထည်ဖော်မှာလဲ။ ဘယ်သူက ဦးဆောင်တာဝန်ယူမှာလဲ။ လိုအပ်တဲ့ resource တွေကို ဘယ်ကရမှာလဲ။ အခုဖြစ်ပေါ်နေတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ စျေးကွက်ချိတ်ဆက်မှုဆိုတဲ့ ကိစ္စနဲ့ပြောရမယ်ဆိုရင် ကိုယ့်နိုင်ငံက စိုက်ပျိုးရေး ထုတ်ကုန် အများစုက ဘယ်ကိုရောင်းနေသလဲ၊ ဘာကြောင့် ရောင်းနေသလဲ၊ အရည်အသွေးက ဘယ်လို အနေအထားမျိုးကိုရောင်းနေတာလဲ၊ စျေးကွက် အခြေအနေကဘယ်လိုလဲ ဆန်းစစ်ဖို့ လိုပါတယ်။
ဒါတွေကို ဆောင်ရွက်ဖို့ဆိုတာ အစိုးရက ဦးဆောင်ရမှာပဲ ဖြစ်ပါတယ်။ Setting direction - စီးပွားရေး လုပ်ငန်းဆောင်ရွက်သူ ပုဂ္ဂလိက ကဏ္ဍများ၊ တောင်သူများဆိုတာ ကိုယ်လုပ်ဆောင်နေတဲ့ လုပ်ငန်း တခု နယ်ပယ် တခုကိုပဲမြင်တတ်ကြတာများပါတယ်။ ဒီလိုဆိုတော့ big picture ကိုမြင်ဖို့၊ ရလဒ်တွေကို ဖော်ဆောင်ပေးဖို့ (delivering results) ဖြစ်ဖို့ setting direction လုပ်နေတာ၊ ဘယ်လို အကောင်အထည်ဖော်မယ်ဆိုပြီး လုပ်နေတာတွေက မှန်ကန်ရဲ့လား ဆိုတာ ပါဝင်ပတ်သတ်သူ (Stakeholder) များနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဆိုတော့ကာ သက်ဆိုင်သည့်ဌာနများ ဆိုတာလည်း ဖော်ပြထားတာတွေ့ရပါတယ်။ ဌာန တခုချင်းဆီ အလိုက် ဘယ်လိုတွေ လုပ်ဆောင် အကောင်အထည်ဖော်နေသလဲ၊ ဘယ်လို ပူးပေါင်း ညှိနှိုင်းဆောင်ရွက်နေသလဲ၊ ဘတ်ဂျက်ခွဲဝေချထားမှု က ဒါကိုရည်ရွယ်ထားသလား။
အချုပ်ပြောရရင်တော့ အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိက ဦးဆောင်သည့် ဖွံ့ဖြိုးရေးဆိုတဲ့ ရလဒ်ကို ရဖို့ ဘာတွေ ပြောင်းလဲဆောင်ရွက်ရမလဲ။ ပြောင်းလဲဖို့အတွက် ကဏ္ဍတခုဆီအလိုက် ဆာဗာက ဘာတွေဖြစ်မလဲ၊ ဒီဆာဗာက ပြောင်းလဲ ချင်သူတွေ၊ ပြောင်းလဲဖို့ အားထုတ်သူတွေ အမှန်တကယ် ပြောင်းလဲနိုင်ဖို့၊ ယုံယုံကြည်ကြည် လိုက်ပါဆောင်ရွက်နိုင်အောင် ဘာတွေပါဝင်ရမလဲ။
ပါဝင်ပတ်သတ်သူတွေအားလုံး ကြိုးစားအားထုတ်မှုများ ဖတ်ရ ကြားရပါတယ်။ ပိုမိုတိုးတက်အောင်မြင်ကြပါစေလို့လည်း ဆုတောင်းပါတယ်။
No comments:
Post a Comment