04 July 2020

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

(၁) ၂၀၂၀ မှာ ကြုံတွေ့ရမယ့် အခြေအနေဆိုပြီး IMF ရဲ့ Caught in prolonged uncertainty အစီရင်ခံစာ မှာ သတိပေးထားတာကို ဖတ်လိုက်ရပါတယ်။ ဒုတိယခေါင်းစဉ်အနေနဲ့ challenges and Opportunities for Asia ဆိုတာပြီးတပ်ထားတယ်။ မြန်မာပြည်အနေ နဲ့ရော ဘာတွေကြုံတွေ့ရမလဲ ဆိုတာ ဆက်လက်လေ့လာကြည့်တော့ IMF Myanmar ရဲ့ အကဲဖြတ် အဖွဲ့ ခရီးစဉ်အပြီး ထုတ်ပြန်ထားတဲ့ သတင်းကြေငြာချက်ကိုလည်း ဖတ်ရှု လေ့လာရပါတယ်။ သိချင်ရင်တော့ ကိုဇေယျသူ ပြန်ရေးထားတာ လည်းဖတ်လို့ရပါတယ်။ ဉီးဇေယျသူကတော့ အနှစ်ချုပ်ပေးထားတယ် ရေရှည်အလားအလာ ကောင်းသော်လည်း စီးပွားရေးတုံ့ဆိုင်း နေသည်။ ဘဏ်များ ပြုပြင်ပြောင်းလဲပါ။ အစိုးရငွေသုံးစွဲပါနှင့် အရည်အချင်းမြှင့်တင်ပါ တို့ပဲ ဖြစ်ပါတယ်။ ဒါနဲ့ ဒီလို အခြေအနေ မှာ ဘယ်လို ပြန်တက်မှာလဲ၊ လုပ်စရာတွေ တပုံတပင်နဲ့ ရှိနေတဲ့ အရင်းအမြစ် အကန့်အသတ်နဲ့ ဘာလုပ်ကြမလဲ ဆိုတာ ဆန်းစစ်လေ့လာဖို့လိုပါတယ်။ (၂) ခုဏက ပြောထားတဲ့ IMF အစီရင်ခံစာမှာဖော်ပြထားတာ ၂၀၃၀ ခုနှစ်မှာဆိုရင် ၁၅၀ သန်းသော လူတွေ လုပ်သား အင်အားထဲကို ဝင်လာမယ်လို့လည်းဆိုပါတယ်။ ဒီလိုရှိနေတဲ့ အလုပ် လုပ်နိုင်တဲ့ လူဉီးရေ ရှိနေတဲ့ ဆိုတဲ့ အားသာချက်ကြောင့် ကမ္ဘာ့တိုးတက်မှု အတွက် အင်ဂျင်ဖြစ်မယ်လို့ ခန့်မှန်းထားတယ်။ အလုပ်အကိုင်ဖန်တီးပေးတဲ့ တကယ့် တိုးတက်မှု အင်ဂျင်ဖြစ်ဖို့ ဘက်စုံ ရေရှည်ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေကိုလည်း အကြံပြုပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းကတော့ စီးပွားရေးလုပ်ငန်းတွေ ပုံစံပြောင်းလာတာနဲ့ အမျှ အသားတင် ထုတ်ကုန်မှာ ပါဝင်မှုနည်းလာသော်လည်း မြန်မာပြည်အတွက်တော့ အရေးကြီးပါတသေးတယ်။ ၇၀ ရာခိုင်နှုန်းသော ကျေးလက် မှီခိုနေသော လုပ်ငန်း ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ နောက်ပြီး ဝန်ဆောင်မှုကဏ္ဍ ဖြစ်ပါတယ်။ ဝန်ဆောင်မှုကတော့ မြန်မာနိုင်ငံ အတွက်ဆိုရင် ဆက်သွယ်ရေး က အဓိကလို ဖြစ်လို့နေပါတယ်။ အာရှ ဒေသမှာတော့ တိုးတက်မှု အတွက် အဓိက ဖြစ်ပေမယ့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတော့နည်းပါးပါတယ်။ အိန္ဒိယဆိုရင် ဂျီဒီပီ ၆၀ ရာခိုင်နှုန်းက ဝန်ဆောင်မှုက ရတာ ဖြစ်ပေမယ့် အလုပ်အကိုင် တိုးတက်မှုက ၀.၃% ပဲရှိတယ်လို့သိရတယ်။ စက်မှုလက်မှုကဏ္ဍကတော့ စီးပွားရေးအရရော သဘာဝပတ်ဝန်းကျင်အရပါ အရေးကြီးသော ကဏ္ဍဖြစ်လို့ နေပါတယ်။ ဝန်ဆောင်မှုနဲ့ နှိုင်းယှဉ်ရင် စက်မှုလက်မှုကဏ္ဍ က နိုင်ငံခြားသို့ ထုတ်လုပ်တင်ပို့မှုကနေ အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ (၃) ဒီလို ကမ္ဘာ့စီးပွားရေး ဖြစ်နေချိန်မှာ မြန်မာနိုင်ငံမှာရော ဘယ်လို ဖြစ်မှာလဲ။ လက်ရှိနိုင်ငံရေး အခြေအနေ၊ စီးပွားရေး အခြေအနေ၊ ကမ္ဘာ့အခြေအနေမှာ မြန်မာရဲ့ စက်မှုလက်မှုကဏ္ဍ တိုးတက်ဖို့ရော ဘာတွေ လုပ်ဖို့လိုလဲ။ ကဏ္ဍကြီးတစ်ခုလုံးရော မည်သို့ အခြေအနေရှိနေသလဲ။ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်း ဘယ်လောက်ရှိလဲ ဆန်းစစ်ကြည့်တော့ ၉၀% ကျော်သော လုပ်ငန်းများဖြစ်နေပြီး အဲ့ဒီထဲကမှ အတော်များများ informal sector လို့ခေါ်နေကြတဲ့ မှတ်ပုံတင်ထားခြင်း မရှိသော လုပ်ငန်းများ ဖြစ်လို့နေပါတယ်။ ဒီလုပ်ငန်းများ အတွက် လုပ်သာကိုင်သာရှိတဲ့ ဝန်းကျင်ရှိပြီး ဈေးကွက်ဖန်တီးပေးနိုင်မယ်ဆိုရင်တော့ မြန်မာ့စီးပွာရေးလည်း တက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့လည်း လုံးဝ ဝင်မပါဘဲ ( Laissez-faire) ဆိုတာထက် မှန်ကန်တဲ့ နေရာတွေ မှာ မှန်ကန်တဲ့ အချိန် တွေမှာ ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ ဆောင်ရွက်ပေးနိုင်ဖို့က မြန်မာ့ MSME တွေ ဘာပြဿနာတွေ ကြုံနေရသလဲ သိဖို့လိုပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ကမ္ဘာ့ဘဏ်က ပြုလုပ်ခဲ့တဲ့ မှတ်ပုံတင်ထားသော SME များကို သုတေသနပြုလုပ်ခဲ့ပါတယ်။ အဆိုပါသုတေသန ကတော့ SME များအနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲများနဲ့ မည်သည့် အခက်အခဲက ကြီးမားသလဲဆိုတာတွေကို နှိုင်းယှဉ်မေးမြန်းထားတာတွေပါဝင်ပါတယ်။ လုပ်ငန်းများ ရဲ့ အဓိက စိန်ခေါ်ချက်များကို အစီအစဉ်လိုက် တင်ပြထားခြင်း ဖြစ်ပါတယ်။ ငွေကြေးအရင်းအနှီးက အများဆုံး ဖြစ်ပြီးတော့ စွမ်းရည်ရှိသော လုပ်သားများ၊ လုပ်ကိုင်ရမည့် မြေနေရာ၊ စိတ်ချ ယုံကြည်ရသော လျှပ်စစ်နဲ့ က နောက်ကလိုက်ပါတယ်။ ဒီနေရာမှာ အဆိုပါ ထိပ်ဆုံးမှာရောက်နေတဲ့ နှစ်ခုကို ဆွေးနွေးသွားပါမယ်။ ၂၀၁၆ ကမ္ဘာ့ဘဏ် က ပြုလုပ်ခဲ့သော စစ်တမ်း က ပြဆိုထားသော လုပ်ငန်းများ တွေ့ကြုံနေရသော အဓိက အခက်အခဲများ (၄) ပထမဆုံးချေးငွေ အနေနဲ့ ပြောမယ်ဆိုရင်တော့ မြန်မာပြည်သာမက ဘဲနဲ့ အာဆီယံ မှာလည်း ကြုံတွေ့နေရပါတယ်။ ဒါကို ထပ်ပြီး အသေးစိတ်လေ့လာမယ်ဆိုရင် အတိုးနှုန်းမြင့်မားတာ၊ အချိန်တိုတာ၊ လိုသလောက် မရတာ၊ အပေါင်ပစ္စည်းလိုတာ၊ ကြိုးနီစနစ်များပြားတာ၊ ချေးငွေမှာ ဘာကို ပဲ သုံးလို့ရမယ်ဆိုပြီး ကန့်သတ်ထားတာ စသဖြင့် ဆက်လက်လေ့လာလို့ရပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လတုန်းက MSME များ ချေးငွေရရှိရေးအတွက် ဖြေလျှော့မှုများပြုလုပ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ တင်ပြချက်အရဆိုရင် MSME များအတွက် JICA SME Two Step Loan ချေးငွေ၊ Credit Guarantee Insurance (CGI) ချေးငွေ၊ မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ချေးသည့် SME ချေးငွေ၊ ဂျာမနီဖွံ့ဖြိုးရေး ဘဏ်မှထောက်ပံ့သည့် KFW ချေးငွေနှင့် ဒိန်းမတ်နိုင်ငံမှ တာဝန်ယူမှုရှိသည့် မြန်မာ SME လုပ်ငန်းများကို အထောက်အပံ့ပေးသည့် Responsible Business Fund (RBF) စအရှိသော ချေးငွေများရှိနေပြီး လုပ်ငန်းအမျိုးမျိုးကို ပုံစံအမျိုးမျိုး ဖြင့်ထုတ်ချေးနေကြောင်း သိရှိရပါတယ်။ သို့သော်လည်း SME စင်တာသို့ဝင်ရောက်သည့် လုပ်ငန်း စုစုပေါင်း(၇၃၀၈၅)ခု ရှိသော် လည်း လုပ်ငန်း ၂၂၀၇ က သာချေးငွေ ထုတ်ယူကြောင်းသိရပါတယ်။ ဘာကြောင့်မရယူသလဲဆိုတာကို ဆက်လက်လေ့လာကြည့်ပါက အပေါင်ပစ္စည်း၊ လိုအပ်သော စာရွက်စာတမ်းများ၊ လုံလောက်သော ချေးငွေမဟုတ်ချင်း စတာတွေဘဲ ပြန်ကြားရပါတယ်၊ ဒါနဲ့ပတ်သတ်လို့ ဖြေလျော့ပေးနေတာတွေ၊ ပြောင်းလဲလိုက်တာတွေကိုလည်း ၂၀၁၉ ခုနှစ်ဩဂုတ်လတုန်းက လွှတ်တော်မှာ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ လုပ်ငန်းသဘောတွေနဲ့ ပေါင်းစပ်ဖြေကြားခဲ့ပါတယ်။ အဲ့ဒီနေရာမှာ စတင်ချိန် ကနဲ့ မတူဘဲ လုပ်ငန်းတွေ တိုးချဲ့ပြီး ပေးနေတာတွေ၊ ချေးငွေတိုးခြင်း၊ ကာလတိုးချဲ့ပေးခြင်းနှင့် အပေါင်ပစ္စည်း နှင့် စာရွက်စာတမ်းအချို့ကို လျော့ပေါ့ပေးခြင်း အပါအဝင် MSME ပြိုင်ပွဲများတွင် ဆုရတဲ့သူတွေဆိုရင် အခြားလုပ်ငန်းများထက် အတိုးနှုန်း လျော့နည်းပြီးချေးလို့ရတယ်ဆိုတာတွေ အထိပါဝင်ပါတယ်၊ ဒါပေမယ့် ဒါတွေကို ဘယ်သူတွေ သိနေ ထုတ်နေ ရနေပါသလဲ။ လက်တွေ့မှာ ပေးကားပေး၏ မရ ဖြစ်နေတဲ့ အခြေအနေ ဖြစ်နေပါတယ်၊ ဒီနေရာမှာ တိုင်းပြည်အနေနဲ့ ငါတို့တော့ ပေးနေတာပဲ လောက်နဲ့ လုပ်လို့မရဘူးလို့ယူဆပါတယ်။ ဒီလိုလုပ်နေသမျှ ကျမတို့နိုင်ငံရဲ့ Ease of Doing Business raking မှာဆိုရင် Getting credit score ဆိုတာ ဘယ်တော့မှ တက်မလာပါဘူး။ တခြားလုပ်ကိုင်ဆောင်ရွက်တာတွေလည်း ဒီလို တစ်ခုမှာ သိပ်ဆိုးနေတာကြောင့် ကျန်တာတွေကိုလည်း ဆွဲချသွားပါတယ်။ အောက်ဖော်ပါပုံကတော့ ၂၀၂၀ အတွက်ပါ။ ကျန်တဲ့ ကိစ္စတွေမှာ ရှေ့ရောက်သော်လည်း ဒီနေရာမှာတော့ ကိုယ် က နောက်ဆုံး အဝေးဆုံး မှာ ဖြစ်နေပါတယ်။ Ease of Doing Business လို့ခေါ်တဲ့ လုပ်သာကိုင်သာဝန်းကျင်ကို အကုန်လုံးခြုံကြည့်ပြီးတော့ ၂၀၂၀ အတွက် အာဆီယံထဲက ကိုယ်နဲ့ နီးစပ်တဲ့ နိုင်ငံတွေနဲ့ ယှဉ်ပြီး အောက်ဖော်ပြပါပုံမှာ ဖော်ပြထားတာကို လေ့လာ ကြည့်နိုင်ပါတယ်။ လုပ်ငန်းစတင်လုပ်ကိုင်တဲ့နေရာမှာ သူများထက်သာ လွန်လွယ်ကူသောလည်း အခြား နေရာများမှာ လွန်စွာဆိုးဝါးနေတာကို လေ့လာသိရှိနိုင်ပါတယ်။ သို့ကြောင့်သာ မြန်မာရဲ့ အခြေအနေဟာ ကမ္ဘောဒီးယားက ၁၄၄ နဲ့ လာအို က ၁၅၄ အောက် နံပါတ် ၁၆၅ မှာ ရှိနေရတာဖြစ်ပါတယ်။ (၅) အထက်ကဖော်ပြသလို ပေးကားပေး၏ မရ ဖြစ်နေပြီး နိုင်ငံရဲ့ လုပ်သာကိုင်သားဝန်းကျင်ကိုတိုင်းတာရာမှာပါ အခြေအနေဆိုးနေတာကို ကောင်းမွန်အောင် လုပ်ဖို့ဆိုရင် သာမန် ဆောင်ရွက်နေယုံနဲ့မရပါဘူး။ မြန်မာနိုင်ငံရဲ့ MSME များဟာ စီးပွားရေး လုပ်ငန်း တစ်ရပ်အဖြစ် စနစ်တကျ ဆောင်ရွက်လုပ်ကိုင်မှုနှင့် စီမံအုပ်ချုပ်မှု အလွန်အားနည်းပြီး၊ မိသားစုလုပ်ငန်းပုံစံမျိုး ဆောင်ရွက်ကြတာများပါတယ်။ ဒါ့အပြင် လုပ်ငန်းဝင်ငွေနှင့် အသုံးစရိတ်များကို စနစ်တကျ ခွဲခြားမှတ်သားမှုအားနည်းပြီး လုပ်ငန်းစီမံချက် (Business Plan)၊ လုပ်ငန်းအရ အသုံးစာရင်း (Budget) စသည်တို့ စနစ်တကျထားလေ့မရှိပါ။ ထို့အပြင် ငွေချေးယူရတွင် လိုအပ်သည့် အရေးကြီးသော မှတ်တမ်းဖြစ်သည့် အခွန်ပေးဆောင်မှု ဖြစ်ပါတယ်။ အခွန် ယဉ်ကျေးမှုမှာ အားလုံသိပြီးသား ဖြစ်သည့်အတွက် အကျယ်တဝင့် မဆွေးနွေးလိုပါ။ ယခုနေရာဆိုလိုချင်သည်မှာ အဆိုပါ SMES များကို ဖော်ပြပါလိုအပ်သည့် စွမ်းရည်များရအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ သို့မှသော ပေးကားပေးမရကို ကျော်လွန်ပြီး နိုင်ငံစီးပွားရေးဖွံဖြိုးတိုးတက်ရေးကို လက်တွေ့ရရှိအောင် ဆောင်ကျဉ်းပေးနိုင်သော ပြည်သူ့ဝန်ဆောင်မှု ဖြစ်မှာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ကျွမ်းကျင်လုပ်သာများဖြစ်ပါတယ်။ ဒါကလည်း လုပ်ငန်းရှင်အများအပြား ကြုံတွေ့နေရတဲ့ အခက်အခဲဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းကစလို့ စားသောက်ကုန် ထုတ်လုပ်တဲ့ အသေးစား၊ အလတ်စားလုပ်ငန်းများ၊ ခရီးသွားလာမှု ကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများကနေ အဆင့်မြှင့်ပညာ အခြေခံ လုပ်ငန်းများအထိ ကျွမ်းကျင်လုပ်သား ရှားပါတာကို ရင်ဆိုင်နေရပါတယ်။ ဒီနေရာမှာ ကမ္ဘာ့ဘဏ်ကပဲပြုလုပ်ထားတဲ့ သုတေသနကိုကြည့်မယ်ဆိုရင် ကမ္ဘောဒီးယားမှာ လုပ်သားကိစ္စက အဆင့် သုံးမှာရှိနေပြီး လာအိုမှာတော့ အဆင့်လေး ဖြစ်ပါတယ်။ လုပ်သားအခြေပြုလုပ်ငန်း ကို များစွာမီခိုတဲ့ ဘင်္ဂလားဒေ့ရှ် ရဲ့ စိန်ခေါ်ချက်များကိုလေ့လာရင် ကျွမ်းကျင်လုပ်သားရှာပါးမှု အခက်အခဲဟာ ကိုကြည့်မယ်ဆိုရင် နံပါတ်အစဉ်လိုက်ဆိုရင် အဆင့် ငါးမှာ ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတာ ဆက်လက်လေ့လာရင် မြန်မာပြည်မှာက တရားဝင် စွမ်းရည်မြှင့်သင်တန်းတွေပေးတာ လွန်စွာနည်းပါးနေပါတယ်။ အောက်ဖော်ပြပါ ဇယားကို ကြည့်မယ်ဆိုရင် လယ်ပြင်မှာ ဆင်သွားသလို ထင်ထင် ရှားရှား မြင်နိုင်ပါ ဖြစ်ပါတယ်။ (၆) မူဝါဒ ချမှတ်သူများအနေနဲ့ ဒါကို မှန်မှန်ကန်ကန် ရှုမြင်ပြီး ပြည်သူဝန်ဆောင်မှု အနေနဲ့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ စဉ်းစား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ MSME များအနေနဲ့လည်း သမင်မွေးရင် ကျားစားရင်း ဖြစ်တာနဲ့ သင်တန်းမှာ ရင်းနှီးမြှုပ်နှံမှု နည်းလာ၊ စီးပွားရေးက မကောင်း၊ လျှပ်စစ်မီးက အဆင်မသင့်တာနဲ့ လုပ်နိုင်ခြေနည်းပါတယ်၊ ဒါပေမယ့် ဒီလိုအခြေအနေမှာ မြန်မာပြည်ကို ကူညီလိုသော နိုင်ငံတကာ အဖွဲအစည်းများလည်းရှိနေပြီး သင်တန်းများလည်း ပို့ချလျက်ရှိပါတယ်။ ဒါကြောင့် အစိုးရ၊ ပုဂ္ဂလိက နဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ နောက်ပိုင်းမှာ ဒီလုပ်ငန်းက အလားအလာရှိလာရင် အစိုးရ က ဝင်ရောက် ဆောင်ရွက်ပေးမှုကို တဖြည်းဖြည်းလျော့ချ နိုင်မှာ ဖြစ်ပါတယ်။ အစ ပထမ မှာတော့ အစိုးရ က ဘယ်နေရာတွေတော့ ဘယ်ရွေ့ဘယ်မျှ လိုအပ်နေတယ်ကစလို့ သင်တန်းဆရာ၊ ပညာရပ်ကျွမ်းကျင်သူများ ကိုလည်း ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ လိုအပ်နေသော နေရာများကို မြန်မြန်ဆန်ဆန် အကျိုးရှိရှိနဲ့ မှန်ကန်စွာ ဖြည့်ဆည်းဆောင်ရွက်သင့်ပါတယ်။ (၇) ယခုလောလောဆယ် နိုင်ငံတကာ သွားရောက်ပြသခဲ့တဲ့ ရွှေတောင်ညိုကြီး လွတ်ကျောင်း ကြက်ဉ ထုတ်လုပ်သူ၊ ကွမ်းဖတ် မှ ပန်းကန် ခွက်ယောက်များ ထုတ်လုပ်သူ၊ အော်ဂဲနစ် ဇီးဖျော်ရည် ထုတ်လုပ်ရောင်းချသူများနှင့် အင်တာဗျူးကို နားထောင်ရပါတယ်။ ယခုလို စွန့်ဉီးတီထွင် လုပ်သူများရဲ့ အခက်အခဲများကို နားထောင်ကြည့်ပါကလည်း အထက်ပါ အခက်အခဲများကိုပဲ နည်းမျိုးစုံနဲ့ ရင်ဆိုင်နေရကြောင်းနဲ့ မူဝါဒရေးရာ အရ နိုင်ငံတော် အစိုးရရဲ့ ဝင်ရောက်ဆောင်ရွက်ပေးမှုကို တောင်းဆိုတာကို သိရှိရမှာဖြစ်ပါတယ်။ အချုပ်အနေနဲ့ ပြန်ပြောရရင် လုပ်စရာတွေများတယ် ဆိုပေမယ့် ဒီကဏ္ဍနှစ်ခုကတော့ လုပ်ကိုင် ဆောင်ရွက်ချင်းအားဖြင့် ချက်ချင်း လက်ငင်းအကျိုးကျေးဇူးများလည်း ရရှိမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်လုပ်သားမွေးထုတ်ပေးမှုကိစ္စများကို အလုပ်သမားဝန်ကြီးဌာန၊ ပညာရေး၊ စီးပွားကူးသန်း နှင့် ပုဂ္ဂလိက နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စီးပွားကူးသန်းက ပုဂ္ဂလိက နှင့် ညှိနှိုင်းမှုကိုဆောင်ရွက်နိုင်ပြီး Donor coordination မှာလည်း အလုပ် အကိုင်ဖန်တီးရေးမှာ focal အဖြစ်တာဝန်ပေးအပ်ထားတာ ဖြစ်လို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တဖက်မှာ အလုပ်သမားနှင့် ပညာရေးကလည်း ပုဂ္ဂလိက နှင့် အလုပ်သမားများအသံကိုနားထောင်ပြီး စတင် ဆောင်ရွက်နိုင်ပါတယ်။ (၈) ချေးငွေရရှိရေးမှာလည်း ပူးပေါင်းဆောင်ရွက်ရမည့် အဖွဲ့အစည်းများ များသော်လည်း ကဏ္ဍတစ်ခုကို စမ်းသပ်ဆောင်ရွက်ပြီး စတင်ဆောင်ရွက်သင့်ပါတယ်။ လက်ရှိ ခက်ခဲနေသော စည်းမျဉ်းစည်းကမ်းများနဲ့ ကင်းလွတ်ပြီး ဆောင်ရွက်နိုင်သော ကဏ္ဍကို စတင်သင့်ပါတယ်။ မူဝါဒ တစ်ခု စည်းမျဉ်းတစ်ခု ချမှတ်ပြီး ကဏ္ဍအားလုံးကို လိုက်နာ ဆောင်ရွက်ရမည်ဆိုပြီး သတ်မှတ်လို့ကတော့ ရွှေပြည်တော် မျှော်တိုင်း ဝေးနေအုံးမှာ ဖြစ်ပါတယ်။ မြန်မာ့ MSEM များအောင်မြင်ပြီး အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ပါစေ။

No comments:

Post a Comment