05 October 2019

ပြောင်းလဲချိန် တန်ပြီနဲ့ ဆာဗာ (၂)

 အကြောင်းတိုက်ဆိုင်လာလို့ နည်းနည်းလေး ရေးချင်ပါတယ်။ နည်းပညာသမား မဟုတ်ပါဘူး။ သုတေသီပါ။ ထုံးစံအတိုင်း မြန်မာစာ စာရိုက်တော့ ဇော်ဂျီနဲ့ပဲ ရိုက်ပါတယ်။ နောက်တော့ အစိုးရ လုပ်ငန်းတွေနဲ့ တွဲလုပ်တော့ မြန်မာ ၃ နဲ့ ရိုက်လာရပါတယ်။ အစကတော့ မရိုက်တတ်တော့ NHM တို့ online converter တွေ ဘာတွေ သုံးခဲ့တယ်။ နောက်တော့ အသစ် တခု တတ်လည်း ကောင်းတယ်ဆိုပြီး လုပ်လိုက်တာ သုံးရက်ကြာတယ်။ ရိုက်တာက ပြဿနာ မရှိဘူး။ ဖောင့် ပြောင်းပြီး ရိုက်တာ အကောင်းကနေ အဂ်လိပ် ပြန်ပြောင်းလို့မရတာ၊ မျက်တောင် အဖွင့် အပိတ်တွေ မရတာ။ ခဏခဏ စက်က ဟမ်းသွားတာတွေ ကြုံခဲ့ရတယ်။ ခုထိလည်း ကြုံရတုန်းပဲ။

ဘာကြောင့်သုံးလဲဆိုတော့ စာလုံးတွေကို စနစ်တကျလေး ရိုက်လို့ရတယ်။ အသတ် တချောင်းငင် လုံးကြီးတင်တွေ ကို သပ်သပ်ရပ်ရပ်ထွက်လို့၊ ကာဆာ ချရင် ပြန်ပြင်ရင်လည်း သေချာ ကြည့်လို့ရလို့ ကြိုက်တယ်။ ယူနီကုတ် သုံးရင် ကိုယ့်ကို စောင့်ကြည့်လို့ရတယ်၊ ကိုယ်လုပ်နေတာတွေ ကို ဖတ်နေလိမ့်မယ်ဆိုတော့ ဒီတိုင်းလည်း စောင့်ကြည့်လို့ရနေတာပဲလို့ ထင်တာပဲ။ နောက်ထပ် အဆင်မပြေသေးတာလေးတွေက word ထဲရိုက်ရင်ပြေတယ်၊ ဘရောက်ဇာ မှာဆိုရင် ရိုက်တာ မပေါ်ဘူး။ စာလုံးတွေက သေချာ မမြင်ရ စတာတွေ ကြုံရတယ်။ အခု ဝိုင်းလှောင်ကြ ပြောကြ ဝေဖန်ကြတာတွေ မြင်နေဖတ်နေရတယ်။ ကိုယ်ကတော့ နည်းပညာ ပိုင်း ဆိုင်ရာ မသိလို့ မပြောတတ်ဘူး။
ဒါပေမယ့် အပြောင်းအလဲဆိုတာ ဒီလိုဘဲ။ ခက်တယ်။ ဆာဗာကြီးက အဆင်သင့် မဖြစ်သေးရင် ပြန်လန်ကျတာပဲ။ လုပ်နေတဲ့ သူတွေ လူငယ်တွေ အားလုံးကို ချီးကျူးပါတယ်။ ကျေးဇူးလည်း တင်တယ်။ ပိုကောင်းအောင်လို့သာ အားကျိုးမာန်တက်နဲ့ လုပ်နေတယ်လို့လည်း ယုံကြည်ပါတယ်။ ယူနီကုတ်လိုက်တာနဲ့ အီးဂါးဗားမန့် ပြောင်းသွားမယ်လို့လည်း ဆိုလိုတာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
အစစ အရာရာ နောက်ကျ ခဲ့တဲ့ မြန်မာနိုင်ငံမှာ အစစ အရာရာ အဆင်ပြေ လွယ်ကူချောမွေ့အောင် နည်းပညာပိုင်းဆိုင်ရာမှာ တတ်နိုင်သလောက် ကူညီဆောင်ရွက်နေကြလို့ ကျေးဇူးတင်ပါတယ်။ ဖောင့်များလည်း ညီညွတ်အေးချမ်းကြပါစေ။
မော်ဒယ်နိမ့်ဖုန်းလေးတွေ သုံးလို့မရ ဖြစ်နေတာတွေကိုလည်း အမြန်ဆုံးဖြေရှင်းပေးနိုင်ပါစေ။ ကျေးဇူးတင်ပါတယ်။ ပြောင်းလဲချိန် တန်ပြီနဲ့ ဆာဗာ (၁) မှာ ပြောခဲ့သလို ပိုကောင်းတယ်ဆိုလို့ ပြောင်းမယ်ဆိုပြီး ကြိုးစားချိန်မှာ သွားပြောင်းဖို့ အားထုတ်ချိန်မှာ ဆာဗာကျနေတာနဲ့ချည်း ကြုံတော့ စိတ်ညစ်မိတယ်။
ချုပ်ပြောရရင် အပြောင်းအလဲဆိုတာ ခက်ခဲပါတယ်။ မလွယ်ကူ မချောမွေ့ဘူး။ ကျမတို့ သည်းခံမှရမယ်။ တူတူကြိုးစားကြပါစို့။
ငုဝါဝင်း