06 January 2020

ယုံကြည်ချက် တစ်ခုတော့ ရှိနေတယ်

နေ့ မနက် ဈေးသွားတော့ ငါးတန်ခေါင်းတွေ တွေ့တာနဲ့ ဖေဖေချက်ကြွေးလေ့ရှိတဲ့ ငါးခေါင်းချဉ်ရည် ချက်မယ်ဆိုပြီး ဝယ်လိုက်တယ်။ တစ်ခေါင်း ငါးရာကျပ်နဲ့ သုံးခေါင်း။ တစ်ခေါင်း ကိုလေးစိပ် စိတ်ပေးလိုက်တယ်။ ရုံးပတီသီးလေးတွေ က တစ်စည်း ငါးဆယ်တဲ့၊ ၆၅ နှစ် အဘွားအိုရောင်းနေတာနဲ့ လေးစည်း ဝယ်တယ်။ မန်ကျီးသီး ကုန်နေတာနဲ့ ၁၀၀ ဖိုးဝယ်တယ်။ မုံညှင်းဖူးလေးတွေ တစ်စည်း တစ်ရာနဲ့ ပြုတ်စားဖို့ နှစ်စည်းဝယ်တယ်။ တရုတ်က လာတဲ့ ဆိုတဲ့ ပန်းသစ်တော်ကို ကျော်ပြီး တစ်လုံးလေးရာကျပ် ထောပတ်သီးကို ကံစမ်းလိုက်တယ်။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုတ်၊ ကြက်သား ပလာတာ၊ အုန်းထမင်း၊ Hummus အကုန် လုပ်တတ်ပေမယ့် ချဉ်ရည်ဟင်းက ကိုယ့်အားနည်းချက်မို့ youtube မှာရှာကြည့်တယ်။ ငါးခေါင်းမျှစ်ချဉ်တို့ ငါးခေါင်းဟင်းချိုတို့ပဲတွေ့တယ် အိမ်ကချက်ပုံချက်နည်းမတွေ့။ မမကြီးကို ဆက်ပြီးမေးရတယ်။ မမကြီး က အကုန်ချက်တတ်တယ်။ သူမသိတာ ဘာမှ မရှိ။ မဆလာ၊ ဆားနဲ့ ဆနွင်းနဲ့ ဂျင်းလေးနည်းနည်း ထည့်ပြီးနယ်ထား၊ ဆီသတ်ပြီး ချက်၊ ကျက်ခါနီးလေး ရုံးပတီသီးထည့်ပြီးမှ မကျီးမှည့်ကို ရေများများနဲ့ ထည့်တဲ့။ မြန်လိုက်တာ ကောင်းလိုက်တာမှ၊ နေ့လယ်စာရော ညစာရော စားရတယ်။ အိမ်မှာဆိုရင်တော့ နံပြားနဲ့ အီကြာကွေးနဲ့ ပေါင်မုန့်ကြမ်းနဲ့ ဘာနဲ့ပေါ့။ နေပြည်တော် တော့ ဒီလိုပဲစားရတယ်။ ဟင်းချက်နေရင်း သတင်းနားထောင်နေမိတယ်။ ဩစတေးလျမီးလောင်တဲ့ အကြောင်းတွေ ကြည့်ဖြစ်ရာကနေ ကိုယ်တို့ သဘာဝပတ်ဝန်းကျင်ကြီး အတော်ပျက်ဆီး ယိုယွင်းနေပါပေါ့လား။ မြန်မာပြည်မှာလည်း မိုးတွေ ရွာနေတယ်။ တောင်သူတွေ ဘယ်လိုနေပါ့မလဲ တွေးမိ။ တလက်စတည်း မနှစ်က မွန်ပြည်နယ် ရေကြီးမှု နောက်ဆက်တွဲ ဘာတွေ လုပ်ဖြစ်ပါလိမ့် ကိုရောက်သွား။ နွေရာသီတောင်ရောက်တော့မှာဘဲကို ဆက်တွေးမိ၊ ရေရှားတော့မှာဘဲ ကနေ ပြီးခဲ့တဲ့ တပတ်က မြေအောက်ရေ ဉပဒေကြမ်း ကို ခုန်ကူးသွားတယ်။ သေချာမဖတ်ရသေးတာရယ် နားမလည်တာရယ် နဲ့ ဘယ်သူ သုံးသပ်ထားလဲ လိုက်ရှာရအုံးမယ်နဲ့ အတွေးတွေ ဆက်နေမိတယ်။ နောက်တော့ ငါးတန်မြည်းကြည့်ရင်း ငါးတန်ဆီ အတွေးက တချက်ပြန်လည်သွားတယ်။ ငါးတန်ချက်ရာကနေ သဘာဝပတ်ဝန်းကျင်အကြောင်း စဉ်းစားမိလို့ သဘာဝပတ်ဝန်းကျင်ကိစ္စကို ကိုယ်ဘယ်တုန်းက စ စိတ်ဝင်စားမိလို့ ဆိုတဲ့အထိပါ အတွေးဆက်မိတယ်။ ဒီကနေ့က အလုပ် လုပ်ရပေမယ့် ရုံးမတက်ရတော့ အေးအေးဆေးဆေး ဆက်တွေးနေနိုင်တယ်။ ၂၀၀၄ လောက်ကလို့ထင်တယ်။ စာအုပ်အဟောင်းဆိုင်ကနေ ဝယ်လာတဲ့ ဆရာချစ်စံဝင်းရဲ့ စာအုပ်ထဲမှာ ငါးတန် အထီးကြီးဆိုတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ဖတ်ရတယ်။ ငါးတွေ ရှားလာပြီးဈေးကြီးလာတဲ့အကြောင်းနဲ့ ငါးသားပေါက်ရာသီမှာဆိုရင် ငါးဖမ်းပိုက်တွေကို ဘယ်လိုထားရတယ် ဘာကြောင့်ထားရတယ်ဆိုတာ နဲ့ ငါးတန် သဘာဝ တွေနဲ့ သယံဇာတ ရှားပါးလာတာကို စိတ်ဝင်စားဖွယ်ရေးသားထား ဖြစ်ပါတယ်။ အဲ့ဒီကနေ စတင်စိတ်ဝင်စားလာပြီး ရှာဖွေ ဖတ်လာခဲ့ရာကနေ ဆရာမင်းလူရေးတဲ့ ငါးလေးတစ်ကောင် ဖမ်းမိတယ်နဲ့ ဖူးစာရှင်ကိုရွေးတော့မည် ကို ဖတ်မိတဲ့အချိန်မှာတော့ ပိုမိုနားလည်လာတယ်။ အဲ့ဒီအချိန်ကတော့ ဆရာအုန်းတို့ ထုတ်တဲ့ စာအုပ်တွေလည်း ထုတ်နေပြီဆိုတော့ ပိုမို ဖတ်လို့ လေ့လာလို့ရလာတဲ့ အချိန် ဖြစ်လာပါတယ်။ အားလုံးကိုလည်း ဖတ်ကြည့်ကြစေချင်ပါတယ်။ ဆရာမင်းလူ ရဲ့ စာအရေးအသားကောင်းချက်ဆိုတာ သယံဇာတ ရှားပါလာမှုနဲ့ နောက်ဆိုရင် သဘာဝ ပစ္စည်းတွေက ပိုမိုတန်ဖိုးရှိလာပုံကို ပြောင်မြောက်စွာရေးသားထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုတော့ တည့်တည့်ထိတဲ့ အထိတော့ မကြုံသေးဘူးပေါ့လေ။ နောက်တော့ နာဂစ်နဲ့ ကြုံရတဲ့ အခါ တော့ သဘာဝပတ်ဝန်းကျင်ကြီးပြောင်းလဲလာမှုက ကိုယ့်ကို တည့်တည်ကိုဝင်တိုးပြီး သိလာရပြီ။ ကူကြကယ်ကြ ဝိုင်းဝန်းကြတဲ့ ကိုယ်လည်း ဖျာပုံမှာ အခြေစိုက်ပြီး အလုပ် လုပ်ဖြစ်တယ်။ မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသရဲ့ နွေရာသီ ရေချို ရေရှားပါးမှုတွေ၊ အငန်ဓါတ်ဝင်တဲ့ လယ်မြေကိစ္စတွေ၊ ဒီရေတော ပြုန်းတီးမှုနဲ့ ဆိုင်ကလုန်းစင်တာလိုမျိုးတွေ ပိုမိုလေ့လာရတယ်။ နောက်တော့ တောင်သူလယ်သမားတွေရဲ့ လူမှုဘဝ ပြန်လည်မြှင့်တင်ရေးကိစ္စတွေအထိ ကံကောင်းစွာနဲ့ပဲ လေ့လာဆည်းပူး လုပ်ကိုင်ခွင့်ရခဲ့တယ်။ သဘာဝပတ်ဝန်းကျင်ကြီးပျက်ဆီးနေပြီဖြစ်လို့ စောင့်ရှောက် ထိန်းသိမ်းဖို့ ဆိုတာတွေလည်း ပိုမိုကျယ်လောင်လာချိန်ဖြစ်နေတာပေါ့။ အဲ့လိုအချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ငါးသမားတွေ ကူညီဖမ်း ရေကြီးတုန်းက မျောပါပျောက်ဆုံးသွားတဲ့ အတွက် ပစ္စည်းတွေ ပေးလိုပါတယ် ဖြန့်ဝေပေးပါလို့လာတယ်။ သူတို့ ကိရိယာပစ္စည်းတွေ လာချိန်မှာတော့ ပစ္စည်းများဟာ ကောင်းလွန်း ပြည့်စုံလွန်းပါတယ်။ ပြည့်စုံလွန်းတာမှ ဘာငါးမှ မကျန်အောင်ကို ဖမ်းနိုင်အောင် အသေးစိတ်လွန်းပါတယ်တဲ့။ တဖက်နဲ့ ပြန်ညှိနှိုင်းတော့ ဝေသာဝေသာပေးလိုက်ပါ အဓိက က ကုန်ဖို့ပါပဲတဲ့။ ဒီအဖြစ်အပျက်က ခုထိ မမေ့သေးတဲ့ အတိတ်က ရင်နာစရာခံစားချက်ပါ။ ဒါကိုကျော်လွှားဖို့ ဘာလုပ်မလိုတာက ပညာသင်ဖို့ ဖြစ်လာပါတယ်။ ဒီလိုနဲ့ ကျောင်းဆက်တက်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ပိုမိုခိုင်မာလာပြီး ကြိုးစားဖြစ်ခဲ့ပါတယ်။ ကျောင်းတက် ပြန်လာ ရ ရာ အလုပ် ကို ဝင်လုပ်၊ လုပ်ချင်တဲ့ အလုပ်ရဖို့ ကြိုးစားပြောင်း၊ ကျောင်းထပ်တက်နဲ့ အလုပ်ပြန်လုပ်နဲ့၊ ဝါသနာပါရာကို လုပ်ရင်း ကိုယ့်ရည်ရွယ်ရာ အိပ်မက် တွေရှိတဲ့ လမ်းကြောင်းကို ရောက်ဖို့ ခရီးနှင်နေပါတယ်။ စတင်ကာစမှာပဲ အဖျက်အမှောက်မျိုးစုံကြုံရပေမယ့် လက်ငင်းအကျိုးကျေးဇူးတွေလည်း အများကြီးခံစားရပါတယ်။ “Shoot for the moon. Even if you miss, you'll land among the stars.”Norman Vincent Peale ဆိုသလိုဘဲ မျှော်မှန်းထားတဲ့ ဆီမရောက်သေးခင်မှာတော့ ကြယ်တွေရဲ့ အကျိုးကျေးဇူးကို ခံစားရလျက်ရှိပါတယ်။ ဒါကြောင့်မိုလို့ လောကဒဏ်တရား (ချီးကျုး ကဲ့ရဲ့ ချွေရံ နည်းပါး ပေါများ) တွေကို ခံနိုင်ရည်ရှိအောင် ကျင့်ရင်းနဲ့၊ မိတ်ကောင်းဆွေကောင်းများရဲ့ စောင်မ ကြည့်ရှုမှုကြောင့် ယုံကြည်ရာ ရည်ရွယ်ရာပန်းတိုင်ကိုရောက်မယ်ဆိုတဲ့ ယုံကြည်ချက်က ရှိပါတယ်။ တတ်နိုင်သလောက်လည်း Plastic တွေလျော့သုံး၊ ဖော့ဘူးတွေကတော့ မသုံးတာကြာပြီ၊ တတ်နိုင်သမျှ အလေအလွင့်မရှိအောင် ကြိုးစား။ မုဒိတာ စိတ်နဲ့ အလုပ် လုပ်မယ်လို့ စိတ်ကူးတယ်။ ငါးအကြောင်း အသေးစိတ်ကိုတော့ နောက်မှရေးပါအုံးမယ်။